*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Wednesday 4 March 2009

*ရောမရောက်တိုင်း ရောမလို ကျင့်သင့်ပါသလော…*

``When in Rome do as the Romans do.ရောမရောက်ရင် ရောမလိုကျင့်`` ဟူသော စကားပုံတစ်ခု ရှိ၏။ ဤစကားပုံသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေကြသူများအား မိမိတို့ရောက်ရှိနေသော နိုင်ငံအသီးသီး၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သူ့နိုင်ငံရောက်လျှင် သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန် သတိပေးတိုက်တွန်း လမ်းညွှန်ပေးသည့် စကားပုံဖြစ်၏။ မှန်၏။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များရှိပြီး ထိုမတူညီမှုများကြောင့်ပင် အနေအထိုင်၊ အပြောအဆို၊ အလုပ်ကိုင်များတွင် တစ်နည်းနည်းဖြင့် ဒုက္ခတွေ့ကြသည်သာ ဖြစ်၏။ ထို့ကြောင့်လည်း ထိုဒုက္ခများကို အဆင်ပြေကျော်လွှားနိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုအတိုင်း လိုက်နာနေထိုင်နည်းကို လက်ခံကျင့်သုံး လာကြခြင်းဖြစ်၏။ ရောမရောက်ရင် ရောမလိုကျင့်သင့်သည်ဟု ပြောဆိုတိုက်တွန်းလာကြခြင်း ဖြစ်၏။ သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုများအတိုင်း လိုက်နာကျင့်သုံးပါက အမှန်တကယ်လည်း အဆင်ပြေလာသည်ကို သတိပြုမိကြမည် ဖြစ်၏။ သို့သော် ``နေရာတကာတိုင်းမှာ ရောမရောက်တိုင်း ရောမလို ကျင့်သင်သလား``ဟု မေးစရာဖြစ်လာ၏။ မတူညီသည့် ဘာသာတရား၊ ယဉ်ကျေးမှုများနှင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းတွင် ဆိုင်ရာဆိုင်ရာ လက်ခံကျင့်သုံးရမည့် စည်းကမ်းဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိဖြစ်နေသောကြောင့် ထိုနိုင်ငံမှာနေသဖြင့် ထိုနိုင်ငံအတိုင်း လိုက်နာရန်အတွက် မိမိတို့တစ်သက်လုံး ထိန်းသိမ်းကျင့်သုံးလာသည့် အကျင့်တရားများ၊ ယုံကြည်မှုများ စသည်တို့ကို ပယ်စွန့်ပြီး ``ဘာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးသင့်သလား``ဟု စောဒကတက်စရာ ဖြစ်လာ၏။ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ အဆုံးအမ အကျင့်သီလတို့ကို လက်ခံလိုက်နာ ကျင့်သုံးနေကြသည့် မြန်မာဗုဒ္ဓဘာသာများအတွက် ပိုပြီးမေးခွန်းထုတ်စရာ ဖြစ်လာ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေရန် တစ်ခုတည်းကို ကြည့်ပြီးဘာပဲဖြစ်ဖြစ် လက်ခံလိုက်နာကျင့်သုံး ကြမည်လော…

စာဖတ်သူများ မည်သို့စဉ်းစားလက်ခံမည် ဆိုသည်ကို မသိသော်လည်း စာရေးသူ၏ တစ်သီးပုဂ္ဂလခံယူချက် အနေဖြင့်ကား မကျင့်သုံးသင့်ဟု ထင်မိ၏။ ရောမရောက်ရင် ရောမလိုကျင့်ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလိုမကျင့်သင့်ဘဲ ကျင့်နိုင်သည့်အရာ ကျင့်သင့်သည့် အရာများကိုသာ လက်ခံလိုက်နာ ကျင့်သုံးသင့်သည်ဟု ခံယူမိ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေမှု တစ်ခုတည်းကို ကြည့်ပြီး မိမိ၏ ကိုယ်ကျင့်သီလများ ပေးဆပ်လိုက်ရသည်အထိ မတူညီမှုများကိုကား လက်ခံလိုက်နာ ကျင့်သုံးမှု မပြုသင့်ဟု ထင်မိ၏။ စာရေးသူ၏ ဤယူဆချက်သည် လွဲကောင်းလွဲနိုင်သော်လည်း ဤယူဆချက်သည် စာရေးသူ ယခုလက်ရှိနေထိုင်သည့် နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုများကို လက်ခံကျင့်သုံးနေကြသည့် ရွှေမြန်မာများ၏ လက်တွေ့ဘ၀များကိုကြည့်ကာ ကောက်ချက်ချမိခြင်းဖြစ်၏။

စာရေးသူ ယခုလက်ရှိ နေထိုင်သာသနာပြုနေသည့် နိုင်ငံကို တိုက်ရိုက်အမည် မဖော်လိုသော်လည်း ဤနိုင်ငံသည် အရက်ကို အလွန်နှစ်နှစ်ကာကာ သောက်သုံးဧည့်ခံသည့် ဓလေ့ထုံးစံရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏။ မည်သည့်ပွဲမဆို အရက်မပါလျှင် မပြီးသည့်အနေအထားမျိုး ဖြစ်နေ၏။ အရက်မပါလျှင် အလုပ်မဖြစ်သကဲ့သို့ အရက်မသောက်လျှင်လည်း အပေါင်းအသင်းပင် မရှိနိုင်သည့် အနေအထား ရှိ၏။ ယောက်ျားလေး၊ မိန်ကလေး၊ လူကြီးလူငယ်၊ စသည်ခွဲခြားမှု မရှိဘဲ ၀ိုင်းထိုင်မိလျှင် အရက်နှင့်သာ အစပြုတတ်၏။ အရက်မသောက်တတ်သူသည် သူတို့နှင့်အံဝင်ခွင့်ကျ မရှိဘဲ တစ်ဖြေးဖြေး ဘေးရောက်သွားတတ်သည်အထိ အရက်ယဉ်ကျေးမှုက လွှမ်းမိုးနေ၏။ ထိုသို့သော အခြေအနေမျိုးတွင် မလာမဖြစ်လာပြီး အလုပ်လုပ်နေကြသည့် ရွှေမြန်မာများအတွက် သူ့နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်ရှင်များနှင့် အဆင်ပြေစေရန်အတွက် သူတို့နှင့်အတူ လိုက်ပြီးသူ့ထုံးစံအတိုင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးအနေအထား ဖြစ်နေ၏။ တစ်ဘက်ကလည်း မိမိတို့ ကိုးကွယ်သည့် ဘာသာတရား အဆုံးအမ အကျင့်သီလများကို ချိုးဖောက်ရာ ရောက်နေ၏။ မည်သို့လက်ခံကြမည်နည်း။ မိမိတို့၏ ကိုယ်ကျင့်သီလကို အပျက်ခံပြီး တဒင်္ဂအခိုက်အတံ့ အဆင်ပြေစေရန်အတွက် သူ့ဓလေ့ထုံးစံကို လိုက်လုပ်ကြမည်လော… ရောမရောက်နေသည့်အတွက် ရောမလို လိုက်ကျင့်ကြမည်လော… စသည်ဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာ၏။

ထိုအခက်အခဲသည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင်သာမက စာရေးသူတို့ ဘာသာရေးပိုင်းအထိ ရိုက်ခတ်မှုဖြစ်လာ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓဘာသာတွင်လည်း မတူညီသည့် ဂိုဏ်းကွဲများရှိသည်ကို အားလုံးသိကြပြီးဖြစ်၏။ အထူးသဖြင့် ထေရ၀ါဒ၊ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ ဟူသည့် ဂိုဏ်းကြီးများမှာ ပိုမိုထင်ရှား ကျော်ကြားလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဟူသော ငါးနိုင်ငံကို ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံဟူ၍ သိကြပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ တိဗက်၊ မွန်ဂိုစသော နိုင်ငံများကို မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဟု ယေဘုယျအားဖြင့် ဆိုနိုင်၏။ ထေရ၀ါဒဟူသည် ဘုရားဟောတရားတော်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိ ပကတိအတိုင်း လက်ခံလိုက်နာ ကျင့်သုံးသည့် ဗုဒ္ဓဘာသာဟု ထေရ၀ါဒ နိုင်ငံများက လက်ခံယူဆသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာသည်လည်း မြတ်စွာဘုရားရှင်၏ တရားတော်များကို လူတိုင်းလွယ်ကူရှင်းလင်းစွာဖြင့် ပုဂ္ဂိုလ်မရွေး၊ အဆင့်အတန်းမရွေး နားလည်သဘောပေါက်စေရေး ဟူသော ရည်ရွယ်ချက်ဖြင့် အားလုံးနှင့်အဆင်ပြေစေရန် ခေတ်ကာလာအခြေအနေသို့ လိုက်၍ ဘုရားဟောဓမ္မများကို ပိုမိုကျယ်ပြန်စွာ ဖြန့်ဝေပေးနေသည့် ဘာသာဟု မဟာယာနနိုင်ငံများက ဆိုကြပေမည်။ သို့သော် မဟာယာနဗုဒ္ဓဘာသာ၏ မျက်မှောက်ခေတ်အခြေအနေများကို ကြည့်ပါက အားလုံးနှင့်အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာကျင့်သုံးရာမှ မြတ်ဗုဒ္ဓ၏ မူရင်းဒေသနာတော်များမှာ မူရင်းအတိုင်း မရှိတော့ဘဲ တိမ်မြုတ်ပျောက်ကွယ် လာသည်ကို တွေ့ရပေ၏။ နိုင်ငံတစ်ခု၏ အခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာနေထိုင်ရာမှ ဘုရားဟောဓမ္မ အစစ်အမှန်များ တဖြည်းဖြည်း လွဲမှားလာသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မျက်မှောက်ခေတ် မဟာယာန နိုင်ငံအချို့တွင် ရဟန်းတော်များအတွက် နေလွဲညစား စားမှုသည် အထူးအဆန်း မဟုတ်တော့သည့်အပြင် အရက်သောက်၍ရသည့်ဂိုဏ်း၊ အိမ်ထောင်ပြု၍ရသည့် ဂိုဏ်းများအထိ ဂိုဏ်းများကွဲပြားလာခြင်းကြခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ နေရာဒေသတစ်ခုတွင် အဆင်ပြေစေရန် လိုက်နာကျင့်သုံးရာမှ၊ တစ်နည်းအားဖြင့် ဆိုရသော် ရောမရောက်ရင် ရောမလိုကျင့်သုံးရာမှ မူရင်းအစစ်အမှန်များ တိမ်မြုတ်ပျောက်ကွယ်ရခြင်း ဖြစ်သည်ဟု ယူဆရမည့် အချက်တစ်ချက်ပင် ဖြစ်၏။

စာရေးသူတို့ ယခုလက်ရှိရောက်နေသည့် နိုင်ငံတွင် စာရေးသူတို့၏ ကိုယ်တွေ့အရ အံ့သြစရာများနှင့် ကြုံတွေ့ခဲ့ရ၏။ ရောက်ရောက်ချင်း မဟာယာန ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရပြီး ထိုင်ပဲရှိခိုးရမလို လက်အုပ်ပဲချီပြီး အရိုအသေမျှ ပြုပေးရမလို အနေအထားနှင့် ကြုံတွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းတော်ကြီးသည် ဆံပင်အရှည်လူပုံစံ ဖြစ်နေပြီး အနားတွင်လည်း ထိုဘုန်းတော်ကြီး၏ ဇနီးမိန်းမပါ ရှိနေသောကြောင့်ဖြစ်၏။ ထိုအခြေအနေတွင် စာရေးသူတို့ မည်သို့လုပ်သင့်သနည်း။ ထေရ၀ါဒရှုထောင့်မှ ကြည့်လျှင် အလွန်လက်ခံရန် ခက်ခဲသည့်အနေအထား ဖြစ်နေ၏။ ထို့ကြောင့် ထိုအခိုက်မှာ ရှိမခိုးတော့ဘဲ လက်အုပ်ချီ၍သာ အရိုအသေပြုမိ၏။ ထို့အပြင် မဟာယာန ဘုန်းတော်ကြီးများနှင့် လူကြီးအချို့က ၎င်းတို့နိုင်ငံသည် အလွန်အေးသဖြင့် မြန်မာရဟန်းတော်များ၏ သင်္ကန်းတော်သည် အအေးဒဏ်ကို ခံနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ဝတ်သကဲ့သို့ မဟာယာနဘုန်းတော်ကြီး အ၀တ်အစားများကို ပြောင်းဝတ်သင့်ကြောင်း၊ အအေးဒဏ်ခံနိုင်ပြီး စာပေများပိုမိုလေ့လာနိုင်ရန် ညစာစားပြီး ၎င်းတို့နေသကဲ့သို့ သောက်စားနေသင့်ကြောင်း တစ်ယူသန်အစွဲမထားဘဲ ရောမရောက်ရင် ရောမလိုကျင့်သင့်ကြောင်း စသဖြင့် တိုက်တွန်းပြောဆိုကြ၏။ စာရေးသူတို့မှ ``ရောမရောက်ရင် ရောမလိုကျင့်သင့်သည် ဆိုသော်လည်း ကျင့်သင့်သည့်အရာ ကျင့်နိုင်သည့်အရာများကိုသာ ကျင့်နိုင်မည်ဖြစ်ကြောင်း ဘုရားဟော ဓမ္မများ၊ ၀ိနည်းသိက္ခာပုဒ်များနှင့် ဆန့်ကျင်သည့်အရာများကိုကား လိုက်နာပြီး မကျင့်နိုင်ကြောင်း`` ပြောဆိုလိုက်၏။ ထိုအတိုင်းပင် စာရေးသူတို့ကိုယ်တိုင် ရာသီဥတုဒဏ်ကို ခံနိုင်မည့်နည်းများဖြင့် ထေရ၀ါဒ ရဟန်းတော်အသွင်ကို မပျောက်စေဘဲ နေထိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ နေပြလိုက်ခြင်းကပင် ထေရ၀ါဒ၏စံ ထေရ၀ါဒအသွင်ကို ပိုမိုပေါ်လွင်စေခဲ့၏။ တစ်ယူသန်အစွဲ ထားခြင်းမဟုတ်ဘဲ အမှားအမှန်ကို ခွဲခြားကာ နေပြလိုက်ခြင်း ဖြစ်၏။ ရောမရောက်တိုင်း ရောမလို မကျင့်ဘဲ ကျင့်သင့်သည့်အရာ၊ ကျင်နိုင်သည့်အရာများကိုသာ ကျင့်ပြလိုက်ခြင်းဖြစ်၏။

ထို့အတူပင် နိုင်ငံရပ်ခြား အသီးသီးတွင် ရောက်နေကြသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည်လည်း စာရေးသူတို့ ကျင့်သုံးသကဲ့သို့ ကျင့်သုံးသင့်၏။ သူ့နိုင်ငံ သူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်သင့်သော်လည်း မိမိတို့ ကိုးကွယ်ယုံကြည်ထားသည့် ဘာသာတရား အဆုံးအမများနှင့် ဆန့်ကျင်သည့် ဓလေ့ထုံးစံများကိုကား မလိုက်နာ မကျင့်သုံးသင့်ပေ။ ၎င်းတို့အရက်ယဉ်ကျေးမှုကို လိုက်၍ မိမိတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ လုံအောင်ထိမ်းရမည့် သုရာမေရယဟူသော ကိုယ်ကျင့်သိက္ခာပုဒ်ကို ပယ်စွန့်သည်အထိ မလိုက်သင့်ပေ။ တစ်ခါသာအမုန်းခံပြီး မိမိတို့ဘာသာတရား အဆုံးအမအရ မသောက်သင့်ကြောင်း၊ မသောက်နိုင်ကြောင်း ပြောဆိုငြင်းပယ်လိုက်လျှင် မိမိတို့ကို အတင်းအဓမ္မ ရိုက်နှက်ချုပ်နှောင်ပြီး ပြုလုပ်ကြလိမ့်မည်ဟု မထင်ပေ။ ခဏတာ အဆင်ပြေမှုကို ကြည့်ပြီး ပစ္စုပ္ပန် သံသရာ နစ်မွန်းစေမည့် လုပ်ရပ်များကို မလုပ်သင့်ပေ။ မိမိတို့ လုပ်နိုင်သည့်အရာ၊ လုပ်ပေးသင့်သည့် အရာများကိုသာ လိုက်နာလုပ်ဆောင်သင့်ပေသည်။ အခိုက်အတံ့ပင် ဖြစ်သော်လည်း မကောင်းမှုဟူသည် အစမလုပ်မိခြင်းက ပိုကောင်း၏။ အစလုပ်မိပါက အဆုံးမရှိဖြစ်တတ်ပြီး နောက်ပိုင်းမလုပ် မနေနိုင်အောင် ဖြစ်တတ်သည်ကို အထူးဆင်ခြင်သင့်လှ၏။ အရက်သောက်ခြင်းမှမဟုတ် အခြားမည်သည့် အကုသိုလ်မျိုးမဆို မလုပ်ဘဲ နေသည်က အကောင်းဆုံးဖြစ်၏။

ထို့ကြောင့် ဤနေရာမှာ စာရေးသူ တိုက်တွန်းလိုသည်မှာ `ရောမရောက်ရင် ရောမလိုကျင့်`ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလို မကျင့်သင့်ဘဲ ကျင့်သင့်သည့်အရာ ကျင်နိုင်သည့်အရာများကိုသာ လိုက်နာကျင့်သုံးကြရန်၊ မိမိတို့၏ ကိုယ်ကျင့်သီလ ပျက်စေမည့် အရာများကိုကား သံသရာနှင့်ရင်းပြီး မကျင့်သုံးကြရန် နှင့် တစ်ဘ၀၊ တစ်ခဏကို မကြည့်ဘဲ သံသရာကိုကြည့်ပြီး လိုက်နာကျင့်သုံးကြရန်.. စသည် စသည်တို့ ဖြစ်ပါကြောင်;….

>>> ဘုန်းဘုန်းဝိစိတ္တ ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ…

လေးစားစွာဖြင့်
ဖိုးသား

3/4/2009, WED:, 9:27:48 PM
!--READ-MORE-STARTS-->

No comments:

Post a Comment

pyaesoneaung2007@gmail.com

 
Bookmark and Share