*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Thursday, 28 May 2009

*ဆပ်ပြာတစ်တုံး*

နော်မန်ဂေါ့တ်စ်သည် မတ်လညနေခင်းတစ်ခုတွင် ပန်ခြံက ခုံတန်းလေးပေါ်မှာ ထိုင်လိုက်သည်။ နေ၀င်ရီတရောဆိုသည့် အချိန်သည် ဂေါ့တ်စ်ဘီအတွက် စိတ်ဓာတ်ကျစေသည့် အချိန်များဖြစ်သည်။

သူထိုင်နေသည့် ခုံတန်းပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ ထိုသူ၏ အင်္ကျီမှာ သေသေသပ်သပ် ရှိသော်လည်း အနည်းငယ်ဟောင်းနွမ်း နေသည်။ မကြာမီ ထိုသူသည် သူ့နေရာမှ ထထွက်သွားသည်။ တခဏအတွင်းမှာပင် ထိုသူသည် အမှောင်ရိပ်ထဲ ပျောက်ကွယ်သွားသည်။ ထိုသူ ထွက်သွားပြီးနောက် ထိုသူ့နေရာတွင် မိန်းကလေးတစ်ယောက် လာရောက် ထိုင်လေသည်။ ထိုမိန်းကလေးသည် ၀တ်ကောင်းစားလှ ၀တ်ထားသော်လည်း သူမ၏ မျက်နှာတွင် စိတ်ပျက်သည့်ပုံစံ ပေါက်နေသည်။

“ခင်ဗျားကြည့်ရတာ ရွှင်လန်းပုံမပေါ်ဘူး” ဂေါ့တ်စ်ဘီက ထိုမိန်းကလေးကိုပြောလိုက်သည်။ ထိုမိန်းကလေးသည် သူဘက်လှည့်၍ ပြော လိုက်သည်။

“ရှင်သာ ကျွန်မနေရာမှာဆိုရင် ရွှင်လန်းမှာမဟုတ်ဘူး။ကျွန်မ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံး အလုပ်တစ်ခုလုပ်ခဲ့ပြီ”

“ခင်ဗျားက ဘာလုပ်ခဲ့လို့လဲ”
ဂေါ့တ်စ်ဘီက မေးလိုက်သည်။

“ကျွန်မလန်ဒန်မြို့ပေါ် မနက်ကမှ ရောက်လာတာပါ။ ဘတ်ရှိုင်းယားက ပတ်တက်ဂွန်နီယန် ဟိုတယ်မှာနေဖို့ စိတ်ကူးလိုက်တယ်။ ဒါပေ မယ့် ကျွန်မ ဘတ်ရှိုင်ယားကို ရောက်တော့ ပတ်တက်ဂွန်နီယန် ဟိုတယ်မရှိတော့ဘဲ သူနေရာမှာ ရုပ်ရှင်ရုံကြီးတစ်ခု ဆောက်ထား တယ်။ ဒါနဲ့ဒရိုင်ဘာကလည်း ကျွန်မကို ကျွန်မနေလို့ရမယ့် ဟိုတယ်ကို ပို့ပေးလိုက်တယ်။ ကျွန်မလည်း ကျွန်မသူငယ်ချင်းတွေကို စာတစ်စောင် ရေးပြီး ကျွန်မနေတဲ့ ဟိုတယ်ရဲ့ လိပ်စာကိုပေးလိုက်တယ်။ ပြီးတော့ ကျွန်မလည်း အပြင်ထွက်ပြီးတော့ ဆပ်ပြာသွားဝယ်တယ်။ ကျွန်မက ဟိုတယ်ဆပ်ပြာကို မကြိုက်ဘူးလေ။ ဒါကြောင့် ကျွန်မလည်း ဆိုင်တစ်ဆိုင်ဝင်ပြီး အအေးသောက်တယ်။ ပြီးတော့ ဆပ်ပြာသွားဝယ်တယ်။ ဆပ်ပြာဝယ်ပြီးတော့ ကျွန်မဟိုတယ်ပြန်ဖို့ ခြေဦးလှည့်လိုက်တော့ ကျွန်မဟာ ဟိုတယ်ဘယ်မှာရှိလဲ ဆိုတာကော။ ကျွန်မအခုရောက်နေတဲ့ လမ်းနာမည်ကော မေ့သွားတယ်။ ကျွန်မ သူငယ်ချင်း တွေကဆီက ပိုက်ဆံတောင်းပြီး သူတို့နဲအတူ တူနေလို့ ရပေမယ့် ကျွန်မသူငယ်ချင်းတွေက မနက်ဖြန်မှ ကျွန်မစာရမှာ။ အခုကျွန်မမှာ ကျန်တဲ့ ပိုက်ဆံနှစ်ပြားနဲ့ ဒီညဘယ်လို နေရမလဲ”

“ခင်ဗျားဆီမှာ ဆပ်ပြာရှိသေးလား”
ဂေါ့တ်စ်ဘီက မေးလိုက်သည်။ ထိုမိန်းကလေးသည် သူမ အင်္ကျီထဲလက်နှိုက်၍ရှာကြည့်သည်။ ထိုနောက် သူမသည် ဂေါ့တ်စ်ဘီသို့ စိတ်တိုစွာ ပြောလိုက်သည်။

“အခုကျွန်မရှင့်ကို လိမ်တမ်းစကားတစ်ခု ပြောလိုက်တယ်လို့ထင်သွားလား”

“သိပ်တော့မထူးဆန်းပါဘူး”
ဂေါ့တ်စ်ဘီကပြောလိုက်သည်။

“ကျွန်တော်လည်း ခင်ဗျားလို နိုင်ငံခြားမှာဖြစ်ခဲ့ဖူးတာပဲ။ အဲဒီ တုန်းက ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်းနဲ့ သွားကြတာ။ ဒါပေမယ့် ကံကောင်းလို့ ဟိုတယ်ရဲ့ နေရာမှတ်မိသွားပြီး အဲ့ဒီ မှာရှာတွေ့သွားတယ်”

“နိုင်ငံခြားမှာဆိုရင် လွယ်တာပေါ့။ ကျွန်မ သံအရာရှိကိုရှာပြီး သူဆီကအကူအညီ တောင်း လိုရတာပေါ့။ ဒီမှာသာဆိုရင်တော့ ကျွန်မဟာ ကျွန်မပုံပြင်ကိုယုံပြီး ကျွန်မကို ငွေချေးပေး မယ့်သူဆီက ငွေချးရင်ချေး၊ ဒါမှမဟုတ်ရင် သိမ်းမြစ်ကမ်းဘေးမှာ အချိန်ဖြုန်းရမှာပဲ။” ထို မိန်းကလေးကပြောလိုက်သည်။

“ခင်ဗျားပုံပြင်ရဲ့ အားနည်းချက်က ခင်ဗျားမှာ သက်သေပြစရာ ဆပ်ပြာတုံး မရှိဘူးဖြစ် နေတယ်။ ဟိုတယ်တစ်ခုမှာ တစ်ညစာနေ ထိုင်ဖို့ ပိုက်ဆံနဲ့ ဆပ်ပြာဆုံးရှုံးရတာ ပေါ့ဆမှုတစ်ခုပဲ။” ထိုစကားကိုကြားရသောအခါ ထိုမိန်းကလေးသည် ခေါင်းကိုငုံ့၍ စိတ်ပျက်လက် ပျက် ထွက်သွားလေသည်။

“သနားဖို့ကောင်းတယ်” ဂေါ့တ်စ်ဘီက ပြောလိုက်သည်။ “ငါဆီက ပိုက်ဆံလိမ်ယူဖို့ အစစအရာရာ သေသေချာချာ ပြင်ဆင်ထားပါလျက်နဲ့ သက်သေ ပြစရာ ဆပ်ပြာတုံးမရှိရှာဘူး။ တကယ်လို့ သူသာ ဆပ်ပြာတစ်တုံးလောက် ၀ယ်ထားပြီး သေသေချာချာ လိမ်ညာနိုင်မယ်ဆိုရင် သူဟာဥာဏ်ကြီးရှင်ဖြစ်သွားပြီး”

ဂေါ့တ်စ်ဘီသည် ထိုသို့ပြောပြီး ထထွက်ရန် ပြင်ဆင်လိုက်စဉ် သူအားလိမ်ညာခဲ့သော မိန်းခလေး၏ နေရာအောက်တွင် ဆပ်ပြာတစ်တုံးကို တွေ့လိုက်သည်။ ထိုဆပ်ပြာတုံးသည် ထို မိန်းကလေးထိုင်စဉ်တွင် ကျကျန်ရစ်ခဲ့သော ဆပ်ပြာဖြစ်မည်ဟု ဂေါ့တ်စ်ဘီ တွေးလိုက်သည်။

ထို့ကြောင့် ဂေါ့တ်စ်ဘီသည် ပန်းခြံမှ လျင်မြန်စွာထွက်၍ ထိုမိန်းကလေးကို လိုက်ရှာသည်။ သို့သော် မတွေ့။ ထို့ကြောင့် ထို့မိန်းကလေးကို မရှာတော့ဘဲ အိမ်ပြန်ရန် စိတ်ကူးစဉ် ကားဂိတ်မှာကားကို ရပ်စောင့်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဂေါ့တ်စ်ဘီ သည်ထိုမိန်းကလေးဆီ သွား၍ပြောလိုက်သည်။

“ခင်ဗျား ပုံပြင်ကို အစက ကျွန်တော်မယုံပေမယ့် ခင်ဗျားဆပ်ပြာကို ကျွန်တော်တွေ့မှပဲ ယုံတော့တယ်” ဂေါ့တ်စ်ဘီက ဆပ်ပြာကို ကိုင်မြှောက်ရင်း ဆက်ပြောလိုက်သည်။

“ ဒီဆပ်ပြာဟာ ခင်ဗျားထိုင်လိုက်တုန်းမှာ ခင်ဗျားအင်္ကျီအိတ်ထဲက ထွက်ကျလာတာ ဖြစ်ရမယ်။ ကျွန်တော် ခင်ဗျား ပုံပြင်ကို မယုံမိလိုက်တဲ့အတွက် တောင်းပန်ပါတယ်။ ဒါဟာ ခင်ဗျား ဒီည ဟိုတယ်ခ ငှားဖို့ပိုက်ဆံပါ”

ထို့မိန်းကလေးသည် ဂေါ့တ်စ်ဘီ၏ ပိုက်ဆံကိုယူ၍ အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။ “ဒါ ကျွန်တော် နာမည်နဲ့ အိမ်လိပ်စာပါ။” ဂေါ့တ်စ် ဘီက ဆက်ပြောသည်။ “ခင်ဗျားကြိုက်တဲ့ အချိန်မှာ ကျွန်တော့်ကို ပြန်ပေးလို့ရတယ်။ ပြီးတော့ ဒီမှာ ခင်ဗျားဆပ်ပြာပါ။ ဒါကို မပျောက်ပါစေနဲ့”

“ရှင်ဆပ်ပြာကို ရှာတွေ့တာ အရမ်းကံကောင်းတာပဲ” ထိုမိန်းခလေးက ပြောလိုက်သည်။ “ကျေးဇူးပါပဲ” ထို့နောက် ဂေါ့တ်စ်ဘီသည် သူ့နဂို နေရာသို့ ပြန်လျှောက်လာသည်။ သူနေရာသို့ပြန်ရောက် သောအခါ ထိုမိန်းကလေး မထိုင်ခင် ထိုင်သွားခဲ့သောလူသည် ခုံတန်းအောက်တွင် ပစ္စည်းတစ်ခု ရာနေသည်ကို တွေ့လိုက်ရသည်။

“လူကြီးမင်း ဘာပစ္စည်းရှာနေပါလဲ” ကျွန်တော် ဆပ်ပြာတစ်တုံးကို ရှာနေတာပါ” ထိုသူက ပြန်ပြောလိုက်သည်။

+++++++++++++++++++++++++++++++

ဒီအကြောင်း အရာလေးကနေ တရားနဲ့ယှဉ်တဲ့ အတွေးအမြင်တွေ ရရှိပြီး တရားနဲ့ညီတဲ့ အလုပ်တွေ လုပ်ဆောင် ကျင့်ကြံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

5/28/2009, THUR:, 8:05:18 PM

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Saturday, 9 May 2009

*သူ့မှာတမ်းနှင့် ငါ၏မှာတမ်း*

*သူ့မှာတမ်း*

အားပါးပါး တော်သေးတာပေါ့။ ရေးမယ်လို့ ခေါင်းစဉ်တပ်ပြီးမှ ပထမဆုံး အပိုဒ်ကို မေ့သွားတာ၊ memory မနည်း ပြန်ခေါ်လိုက်ရတယ်။ ဒီကဗျာလေးက ကျွန်တော်တို့ ပထမနှစ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေး။ တအားကြိုက်မိတယ်။ အရေးအသား လေးလုံးစပ်လေးနဲ့ ကာရန်ယူပုံကော၊ နောက် အကြောင်းအရာကော။ ကျွန်တော်ကတော့ ကြိုက်မိရင် အလွတ်ကို ကျက်ထားလိုက်တော့တာ။ ရေးသူက ဆရာကြီး မင်းသုဝဏ်ထင်တယ်။ ကျွန်တော့်လိုပဲ ကွမ်းခြံကုန်းသား.. ကြွားတာ ဟဲ ဟဲ။ ခံစားကြည့်ပါဦး။

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားအား
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ မိဖအားကို
ဘာများမှာကြားလိုသနည်း။

မွေးသည့်မိခင်၊ ကျွေးဖခင်အား
ဦးတင်ခဲ့ကြောင်းပြောပါလေ။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာကြားလိုသနည်း။

ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်းပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာကြားလိုသနည်း။

ခရီးမတ်တပ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍
အားနာခဲ့ကြောင်းပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား။ ။

>>> တိုင်းပြည်အတွက် မှာကြားချက်လေး ရေးဖွဲ့ထားတာကို အကြိုက်ဆုံးပဲဗျာ။

လေးစားစွာဖြင့်
ဖိုးသား

13.01.2009, TUE:, 02:48:52 AM

*************************************************

*ငါ၏မှာတမ်း*

အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ)


လူတို့ဖြစ်လာ၊ ဤမြေကမ္ဘာဝယ်
‘၀ိဇ္ဇာ’ သိပ္ပ၊ ဤနှစ်ဝကို
ဘ၀ဆက်ရေး၊ စားသောက်ရေးနဲ့
နေရေးစသည်၊ အလီလီတွက်
သင်သည်သင်မှု၊ ကောင်းစွာပြုလော့။

ဤသို့သင်လေ၊ သင်နေပေငြား
သင်ပြီးငြားက၊ ရှာထားပစ္စည်း
ငွေလက်သီးအောင်၊
ကျင့်ဆောင်ပါလေ၊ ကျင့်နိုင်စေ။

ထိုသို့များစွာ၊ ရှာဖွေရာလည်း
ဉာဏ်မှာထင်မှတ်၊ ငါသင်အပ်သော်
မကပ်လော ‘ဇော’ ၊ ဒေါသဇောနှင့်
စိတ်ရောကိုယ်ပါ၊ မောဟခွါလျက်
ရှာဖွေတတ်စေ၊ သိမှတ်လေ။

ထိုသို့များများ၊ ရှာဖွေငြားမှ
များများကောင်းကျိုး၊ လောကကျိုးနှင့်
များကျိုးအတွက်၊ သင်ရွက်နိုင်မည်
ထမ်းနိုင်မည်ပ၊ လိုသည်ကတော့
များလှပစ္စည်း၊ ရှာဖွေပြီးက
မငြီးမကွန့်၊ သင်မတွန့်ဘဲ
များစွာစွန့်ချေ၊ ထပ်သိစေ။

ထိုမှ ‘တ’ ဆင့်၊ ထပ်လောင်းဆင့်သော်
ရှိသင့်ရှိအပ်၊ သင့်ဘ၀င်ထက်ဝယ်
မပျက်သီလ၊ ကျင့်ဌာနကို
သင်ကကျင့်စေ၊ စွမ်းနိုင်စေ။

ဤသို့သီးသီး၊ သင်စွမ်းပြီးက
ပျက်စီးခန္ဓာ၊ စဉ်အလာကို
ကောင်းစွာနှလုံး၊ သင်မွေ့ထုံးလျက်
မပျက်သုဉ်းခင်၊ အဆုံးဖြစ်ပျက်
မြင်တွေ့အပ်အောင်
သင်ထပ်ကျင့်လေ၊ ကျင့်နိုင်စေ။ ။

>>> ဒီကဗျာလေးကတော့ ဖိုးသားကို သွန်သင်ဆုံးမပေးနေတဲ့ ဦးဇင်းဝိဇ္ဇောတရဲ့ ဘွဲ့တော်လေးကို ပူဇော်သမှုနဲ့ ရေးစပ်လိုက်ခြင်းပါ။

>>> အားလုံးသော ဓမ္မမိတ်ဆွေများ ဖတ်တဲ့အတိုင်းလည်းသိ၊ သိတဲ့အတိုင်းလည်းကျင့်၊ ကျင့်တဲ့အတိုင်းလည်း ရနိုင်ကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

18.01.2009, SUN:, 04:57:09 AM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Tuesday, 5 May 2009

*ငါး*


လှိုင်းတွေက ထန်တာလား၊

တံငါသည်က မိုက်တာလား၊

ကံဆိုးလိုက်တဲ့ ငါး။



အသက်နဲ့ရင်းတာက တံငါ၊

အသက်ပေးရတော့ ငါး၊

မကြားဝံ့မနာသာ၊

ဈေးဆစ်ကြတာက သူတို့။



ကဲ... ဒီတော့

ရေစီးကပဲ ကြမ်းတာလား၊

ကမ်းပါးကပဲ နုတာလား၊

ဟိုမှာတော့ သောင်ထွန်း၊

ဒီမှာကျ ကမ်းပြို၊

အချိန်ကိုတော့ တိုလို့တဲ့၊

ခုတော့... နေညိုနေပြီလေ။ ။



သုခရိပ်

ကိုသုခရိပ် ရေးစပ်ထားတဲ့ ကဗျာလေးပါ... ရွှေပြည်သူ ဘလော့ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်... ဖတ်လေလေ အဓိပ္ပါယ် ပြည့်လေပါပဲ...

လေးစားစွာဖြင့်
ဖိုးသား

14.02.2009, SAT:, 02:48:43 AM

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....
 
Bookmark and Share