*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Showing posts with label တွေးမိရေးမိသမျှ. Show all posts
Showing posts with label တွေးမိရေးမိသမျှ. Show all posts

Wednesday, 29 April 2009

*လာခြင်းဆိုးသော ဧည့်သည်*

အုဝဲ… အုဝဲ… အုဝဲ

အော် စိတ်မချမ်းသာ လိုက်တာ.. ငိုနေလိုက်ပုံများ.. လောက အလယ်ကို ခုမှပဲ စတင်လို့ ရောက်ရှိလာတယ်၊ ရောက်ရှိလာပုံက အငိုလေးနဲ့ စလို့.. မိဘတွေ ခမျာတော့ ပြုံးပျော်ရှာမပေါ့လေ.. မိခင်ဆိုရင်လည်း ကိုယ်နဲ့ လွယ်မွေး ထားရတဲ့ သားသမီးမို့လို့၊ ဖခင်ဆိုရင်လည်း အော်ငါ့သွေး ငါ့သားဆို ပြီးတော့.. ငါစွဲလေးတွေနဲ့ ငါမပိုင်တာကို ငါပိုင်လုပ်ပုံလေးကို ပြောပါတယ်.. နောက်တစ်ခုက လောကအလယ် ခုမှရောက်လာတဲ့ လူမမယ် ကလေးငယ်ရဲ့ အငိုလေးနဲ့စလို့ ရောက်ရှိ လာပုံလေးလေ.. စလာကတည်းက လာခြင်းက မကောင်းတော့ဘူး..

ဘာဖြစ်လို့များ ငါမပိုင်တာပါလိမ့်.. ငါမဆိုင်တာပါလိမ့်.. ငါကမွေးတာ ငါ့သားသမီးမဟုတ်ပါလိမ့်.. ငါယူထားတဲ့ ဇနီး ဘာလို့များ ငါ့ဇနီး မဟုတ်တာပါလိမ့်.. ငါ့ကိုမွေးတဲ့မိဘ ဘာလို့များ ငါ့မိဘ မဟုတ်တာပါလိမ့်..

လောကကြီးမှာက ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမမှ မရှိပဲလေ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားပဲ ရှိနေတာ၊ ရူပက္ခန္ဓာ(ရုပ်တရား)၊ ၀ိညာဏက္ခန္ဓာ(သိမှု - နာမ်တရား)၊ ဝေဒနက္ခန္ဓာ(ခံစားမှု - နာမ်တရား)၊ သညက္ခန္ဓာ (မှတ်သားမှု - နာမ်တရား) နဲ့နောက်ဆုံး သင်္ခါရက္ခန္ဓာ(ပြုပြင်မှု - နာမ်တရား).. ဒီခန္ဓာငါးပါးပဲလေ.. ပြန်ချုပ်လိုက်ရင်တော့ ရုပ်နာမ်နှစ်ပါးပေါ့..

ဒီတော့ကာ ဒီခန္ဓာငါးပါးကို ပိုင်ဆိုင်နေရတဲ့၊ လက်ဝယ်ရရှိနေကြတဲ့ ကျွန်တော်တို့တစ်တွေရဲ့ ဖြစ်စဉ်လေးကို လာခြင်းကောင်းသလား၊ လာခြင်းဆိုးသလား.. တစ်ချက်လောက် ပြောကြည့်လိုက်ရအောင်..

ကျွန်တော်တို့တစ်တွေ နေ့စဉ်နေ့စဉ် ကိုယ်နဲ့သက်ဆိုင်ရာ အလုပ်အမျိုးမျိုးကို ပြုလုပ်နေကြရတယ်နော်၊ တော်တော်များများကတော့ ငါ့သားဖို့ ငါ့မယားဖို့ ငါ့အမေဖို့ ငါ့အဖေဖို့ ငါ့ဖို့ ငါ့ညီဖို့ ငါ့ညီမဖို့… စသဖြင့်ပေါ့လေ ဒီလိုလေးတွေက မများဘူးလား.. များပါတယ်လေ.. ပြောရရင်တော့ လောကကြီးမှာ ငါပိုင်ငါဆိုင် မရှိဘူးဆိုတာကို မသိဘဲ နွားသာသာ ရုန်းနေကြတာပေါ့ဗျာ.. ဇာတ်လမ်းက အဲဒီကစတော့တာပဲခင်ဗျ.. ဘာလို့လဲဆိုတော့ ဒီနေရာမှာ မသိလို့ လုပ်တယ်လို့ ကျွန်တော်ပြောလိုက်တယ်နော်.. အဲဒီမှာ မသိတာက အ၀ိဇ္ဇာ၊ လုပ်တာက သင်္ခါရ.. ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်မယ်ဆိုရင် အဲလိုသဘောဖြစ်ကော.. ဒီသဘောက လာခြင်းကောင်းတဲ့ သဘောမဟုတ်ဘူး.. နောင်တစ်ဖန် ခန္ဓာပြန်ဖြစ်စေမယ့် သဘော.. ပြောရရင် နောင်တစ်ဖန် မသာဖြစ်ဦးမယ်ဆိုတဲ့ သဘော.. ဒါက ကျွန်တော်ပြောတာ မဟုတ်ဘူးနော်.. မိုးကုတ်ဆရာတော် ဘုရားကြီးပြောတာ..

ဟုတ်ပြီ.. ဒီလိုမသိလို့ လုပ်ရင် နောက်ဘာတွေဆက်ဖြစ်ဦးမလဲ.. ဘယ်လို အကျိုးဆက်တွေ ခံစားရမလဲဆိုတော့..

မသိလို့လုပ်ခြင်းသည် ခန္ဓာငါးပါးကို နောင်တစ်ကြိမ် ပြန်ဖြစ်စေမယ့် အကြောင်းတရား၊ သစ္စာနယ်အနေနဲ့ ကြည့်ရင် သမုဒယသစ္စာ.. ဒီသမုဒယ သစ္စာဖြစ်ပြီဆိုရင်တော့ သူ့ရဲ့ အကျိုးဆက် ဒုက္ခသစ္စာ ဖြစ်ပြီသာ အောက်မေ့ပေတော့.. ၀ိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ.. ဆိုတဲ့ ခန္ဓာကြီးဖြစ်ကော.. ပါဠိတွေကို စာရှုသူ သိပ်မသိဘူးဆိုရင် (သိသူများကို မဆိုလိုပါ) အလွယ်ကတော့ ခုလက်ရှိ ကိုယ်ခန္ဓာကြီး ရထားတယ်လို့သာ မှတ်ပါဗျာ..

ဒီခန္ဓာငါးပါးကို လက်ဝယ်ပိုင်ဆိုင်ပြီဆိုကတည်းက ကောင်းသလား၊ ဆိုးသလား စဉ်းစားကြည့်လိုက်ရအောင်.. ဒီခန္ဓာကြီးက မနက်မိုးလင်းတာနဲ့ သူ့ကိုပြုစုဖို့ အချိုသပ်ပြီးခိုင်းတော့တာပဲ.. ငါ့ကိုမျက်နှာသစ်ပေး.. သွားတိုက်ပေး.. ရေချိုးပေး.. မုတ်ဆိတ်ရိတ်ပေး.. ဒါမျိုးတွေ စခိုင်းပြီ.. ပြီးတာနဲ့ ဟိုဟာစားချင်တယ်၊ ဒီဟာစားချင်တယ်.. ဖြစ်ပြန်ရော.. အဲဒါကိုမှ ကိုယ်တိုင်က မစားဘူးဆိုရင် ဗိုက်ထဲကနေ ဝေဒနာပေါင်းစုံက ဆန္ဒပြပါလေရော.. နောက်အလုပ်သွားရင်လည်း ဟိုအင်္ကျီမ၀တ်ချင်ဘူး.. ဒီအရောင်မကြိုက်ဘူး.. ဒီပုဆိုးဝတ်မယ်.. အားပါးပါး.. သူ့အလိုတွေက နည်းမှမနည်းတာ.. နောက် နေ့လယ်စာစားမယ်၊ ညစာစားမယ်၊ အိပ်မယ်.. အကုန်သူ့အလိုတွေပဲ လိုက်ဖြည့်နေရတာလေ.. ဒါက ကျွန်တော်အကြမ်းဖျဉ်းပြောတာနော်.. ချဲ့တွေးရင် ချဲ့တွေးသလောက် ဒုက္ခတွေချည်းပဲ.. ဘာလို့ဒုက္ခတွေလို့ပြောရသလဲ.. ခန္ဓာငါးပါးဆိုကတည်းက ဒုက္ခသစ္စာနယ်ထဲ ရောက်နေလို့လေ..

ဒီလိုဆိုတော့ ကျွန်တော်တို့တစ်တွေ ဒီလောကအလယ်ကို ဝေဒနာပေါင်းစုံနဲ့ ရောက်ရှိလာခြင်းဟာ လာခြင်းကောင်းလား၊ လာခြင်းဆိုးလား.. လာခြင်းဆိုးပေါ့ဗျာ.. ဒီလာခြင်းဆိုးကိုမှ နေခြင်းဆိုးနဲ့ နေကြရင်တော့ သေခြင်းဆိုးရုံမှတစ်ပါး အခြားမရှိတော့ပါဘူး.. ဘာကြောင့်သေခြင်းဆိုးလို့ ပြောရသလဲဆိုတော့ အပယ်သွားမယ့်သေခြင်းမို့လို့ပါပဲ..

ဒီလိုကျွန်တော်က ပြောတော့ အပယ်မသွားအောင် ဘာလုပ်ဖို့လိုလာပြီလဲ၊ ဘယ်လိုလုပ်ရမလဲလို့ မေးဖို့လိုမလာဘူးလား.. လိုတာပေါ့ဗျာ။ ဒီနေရာလေးမှာ ကျွန်တော်သိထားတာလေးကို တတ်သလောက်လေး ဆွေးနွေးပါ့မယ်.. မှားနေရင် ကျွန်တော့ကို ပြုပြင်လို့ သွန်သင် ပေးစေလိုပါတယ်ခင်ဗျာ။

ကျွန်တော်ဘယ်လို သိထားသလဲဆိုတော့ အပယ်မကျရောက်အောင် အရင်ဆုံး ဒိဋ္ဌိအရင်ဖြုတ်ရပါလိမ့်မယ်။ အဲလို ဒိဋ္ဌိကွာစေဖို့ အတွက် ဒိဋ္ဌိကွာကြောင်း တရားတွေ၊ သစ္စာတရားတွေကို ဟောပြောညွှန်ပြတတ်တဲ့ ကလျာဏမိတ္တ၊ မိတ်ကောင်း ဆွေကောင်း၊ ဆရာကောင်း သမားကောင်းကို ရှာရပါမယ်။ နောက်ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ရပါမယ်။ ဒီလိုနားလည်နိုင်ဖို့ သစ္စာတရားကိုဟောပြော လမ်းညွှန်နိုင်တဲ့၊ လမ်းညွှန်တတ်တဲ့ ဆရာသမားဆီက သစ္စာတရားတွေကို နာကြားရပါမယ်။ ဒီလို ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီဆိုမှ တရားကို စတင်အားထုတ်သင့်ပါတယ်။ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီးမှ တရားအားထုတ်သင့်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။ ဘာလို့လဲလို့ အမေးရှိလာရင်.. ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲ တရားအားထုတ်ရင် တရားမရနိုင်လို့ပါပဲ။ ဘုရားလက်ထက်က ရှင်ဆန္ဒ (မြင်းမြီးဆွဲ မောင်ဆန်) ကို သာဓက ယူပေါ့ဗျာ။

နည်းနည်း ဆက်လိုက်ရအောင်။ လောကကြီးမှာ အကြောင်းနဲ့ အကျိုးသားလျှင်ရှိပါတယ်၊ ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ မရှိပါဘူး၊ ဒီသဘောလေးကို ဉာဏ်နဲ့ ထိုးသွင်းသိ၊ ပိုင်းခြားသိရင် သက္ကာယ ဒိဋ္ဌိစင်ပါတယ်။ ဒီပုဂ္ဂိုလ် သတ္တ၀ါမရှိကြောင်းကို ဘုရားလက်ထက်က ဥပမာလေးနဲ့ ယှဉ်ထိုးလို့ ကြည့်လိုက်ရအောင်။

ဘုရားလက်ထက်က တိတ္ထိတွေက အနုရုဒ္ဓါ လို့ဘွဲ့အမည်ရတဲ့ ရဟန်းတစ်ပါးကို မေးတယ်တဲ့။ ဘာတွေမေးတာလဲဆိုတော့…

၁။ သတ္တ၀ါသေရင် ဖြစ်သေးသလား။
၂။ သတ္တ၀ါသေရင် မဖြစ်တော့ဘူးလား။
၃။ သတ္တ၀ါသေရင် ဖြစ်သည်တစ်လှည့် မဖြစ်သည်တစ်လှည့်လား။
၎။ သတ္တ၀ါသေရင် မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သယောင်ယောင်လား။

ဒီမေးခွန်းလေးတွေ မေးတယ်တဲ့။ အဲဒီတော့ အမေးခံရတဲ့ ရှင်အနုရုဒ္ဓါကလည်း ကိုယ်တိုင်က ဒိဋ္ဌိမကွာသေး၊ အကြောင်းအကျိုးကိုလည်း နားလည်သဘောပေါက်မှု မရှိသေးတော့ *ဘုရားရှင်ကတော့ ဒီလိုမဟောဘူးကွာ* ဆိုတဲ့ အဖြေတစ်ခုပဲ ဖြေနိုင်တယ်တဲ့။ ဒီတော့ တိတ္ထိတွေက ဒီမထေရ်လေးကို ဒါလေးတောင် မသိဘူးလားဆိုတဲ့သဘောနဲ့ အပြစ်တင်ပြီး ပြန်သွားကြတာပေါ့။

အရှင်အနုရုဒ္ဓါလည်း မဖြစ်သေးပါဘူး.. နောက်ထပ် ဒီ့ထက်ခက်တဲ့ မေးခွန်းတွေ မေးလာရင် ငါဖြေနိုင်မှာ မဟုတ်ဘူး၊ ဘုရားရှင်ကို သွားလျှောက်မှ တော်ကာကျမယ် ဆိုပြီး ခုနအမေးလေးခုကို သွားလျှောက်သတဲ့၊ ဒီတော့ ဘုရားရှင်က လောကမှာ ပုဂ္ဂိုလ်သတ္တ၀ါရယ်လို့ မရှိ၊ အကြောင်းနဲ့ အကျိုးသာ ရှိကြောင်း.. စတဲ့ ဒိဋ္ဌိကွာစေကြောင်း တရားတွေနဲ့ သံသရာပြတ်ကြောင်းတရားတွေ ဒီမထေရ်လေး သဘောပေါက်အောင် ဟောကြားတော် မူလိုက်တယ်တဲ့။ ဒီလောက်ဆို ပုဂ္ဂိုလ် သတ္တ၀ါ မရှိဘူးဆိုတာ ရှင်းလောက်မယ်လို့ ထင်ပါတယ်။

နောက် လောကမှာ အကြောင်းနဲ့ အကျိုးသည် တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ အကြောင်းချည်းပဲ ဖြစ်တာလည်းမရှိ၊ အကျိုးချည်းပဲ ဖြစ်တာလည်းမရှိ၊ ဒီလို ဆက်စပ်နေတာကိုသိရင် သေရင်ပြတ်တယ်လို့ ယူဆထားတဲ့ ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။ နောက်တစ်ချက်.. အကြောင်းနဲ့ အကျိုးမှာ အကြောင်းချုပ်ပြီးမှ အကျိုးဆိုတာ ဖြစ်ပါတယ်။ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ပါတယ်။ ဒီသဘောလေးကို နားလည်ရင်လည်း ခိုင်တယ်၊ မြဲတယ်၊ ပျက်ဆီးခြင်းမရှိဘူးလို့ ယူဆထားတဲ့ သဿတဒိဋ္ဌိ စင်ပါတယ်။ အသေးစိတ် ထပ်သိချင်ရင်တော့ ကျွန်တော်ရေးခဲ့ပြီးဖြစ်တဲ့ လောကတွင် အသိသင့်ဆုံးသောအရာ မှာ ဖတ်ရှု နိုင်ပါတယ်။ ကြော်ငြာဝင်ခြင်းမဟုတ်ပါ။ သိစေချင်တဲ့၊ သိစေလိုတဲ့ စေတနာသက်သက်နဲ့ပါဗျာ။

ဒီလောက်ဆို ဒိဋ္ဌိမစင်သေးတဲ့ မိတ်ဆွေတို့လည်း ဒိဋ္ဌိအကြောင်းလေး သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။ ဒီလိုလေးတွေ တဖြည်းဖြည်း သိလာပါများရင်တော့ လာခြင်းဆိုးတဲ့ ဧည့်သည်ဖြစ်ခဲ့ပေမယ့် ပြန်ခြင်းတော့ ကောင်းနိုင်ကောင်းပါရဲ့။ ဒီလိုသိလာအောင်လည်း သိချင်တဲ့ စိတ်ဆန္ဒ ပြင်းပြဖို့ကလည်း လိုပါသေးတယ်။ သိလိုစိတ်ပေါ့လေ။ ဒီလိုမှမဟုတ်ဘဲ ကြွေးယူလိုက် ကြွေးဆပ်လိုက်နဲ့ ဒီလိုဘ၀ထဲမှာ ပျော်မွေ့နေရင်တော့ နောက်ထပ်လာခြင်းဆိုးတွေပဲ အတိုးပေါ် အတိုးဆင့်လို့ ထပ်ဖြစ်ပါလိမ့်မယ်။ ဇာတိတွေ ထပ်ကာထပ်ကာ ဖြစ်ပေါ်ပါလိမ့်မယ်။ ဇာတိထပ်ဖြစ်ပြီဆိုကတည်းက လာခြင်းဆိုးသွားပြန်ပါပြီ။ ဇရာတွေဖြစ်၊ ဗျာဓိ မရဏ ဒီဒုက္ခတွေပဲ ထပ်တလဲလဲ ဖြစ်နေတော့မှာလေ။

အော် ဇာတိ ဆိုလို့ ပြောလိုက်ဦးမယ်။ တရားအားထုတ်ရာမှာလည်း ဇရာနဲ့ ဗျာဓိကြားမှာ အားထုတ်ပါတဲ့၊ ဗျာဓိနဲ့ မရဏကြားရောက်မှ တရားအားထုတ်လို့ကတော့ သေခါနှီးမှ လမ်းလျှောက်သင်ချင်သလို ဖြစ်နေပါလိမ့်မယ်။ ဝေဒနာတွေ နှိပ်စက်နေပြီဆိုကတည်းက ဘယ်နည်းနဲ့မှ တရားအားထုတ်လို့ မရနိုင်ပါဘူး။ ပြောရရင်တော့ အိုမှုနဲ့ နာမှုကြားမှာ တရားအားထုတ်စေလိုတာပါပဲ။ နာမှုနဲ့ သေမှုကြားမှာတော့ အားထုတ်လို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါလေးကလည်း မိုးကုတ်ဆရာတော် ဘုရားကြီး မိန့်ကြားသွားတဲ့ အလေးဂရုပြု မှတ်သားဖွယ် အချက်လေးပါပဲ။

*ပန်းကြွေတဲ့ လမ်း*

လေညင်းလေးရဲ့ အနမ်း
မခံနိုင်တဲ့ ပန်း
ကြွေစမ်းပါစေ
လောကဓံ လေညင်း
ဒေါသမာန် ထန်ပြင်းရင်တော့
ပိုခက်ပြီပေါ့...ပန်း။

သေခြင်းဝေးတဲ့ နန်း
စံနိုင်တဲ့ လမ်း
ရှည်စမ်းပါစေ
လောက အမှန် သေခြင်း
သဘောမကျ အမှန် ခံငြင်းချင်တော့
ကိုယ်ဆက်ပြီပေါ့ ...လမ်း။ ။

နောက်ဆုံး မှာချင်တာကတော့ဗျာ.. ဒီကဗျာထဲကလိုတော့ ပန်းကြွေတဲ့လမ်း ကိုတော့ ဆက်ပြီးမလျှောက်ကြပါနဲ့လား။ ကျွန်တော်တို့ တစ်တွေ မွေးကတည်းက ငိုခြင်းကို အဖော်ပြု၊ ခန္ဓာငါးပါးကို ရင်ဝယ်ပိုက်လို့ လာခြင်းမကောင်းခဲ့ပါဘူး။ လာခြင်းဆိုးတဲ့ ဧည့်သည်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလာခြင်းဆိုးတာလေးကို ပြန်ခြင်းကောင်းအောင်တော့ မနာခင် မသေခင် အချိန်လေးမှာ ကြိုးစားသင့်လှပါတယ်။ ငိုခြင်းနဲ့ ဘ၀စခဲ့တာကို ငိုခြင်းနဲ့ပဲ နိဂုံးမချုပ်စေချင်ပါဘူး။ ဆင်းရဲကြောင်း သမုဒယသစ္စာနဲ့ ဆင်းရဲကျိုး ဒုက္ခသစ္စာကို ၀ိပဿနာ အလုပ်နဲ့ ပယ်သတ်ပြီး၊ ချမ်းသားကြောင်း မဂ္ဂသစ္စာနဲ့ ချမ်းသာကျိုး နိရောဓ သစ္စာကို ရှာစေချင်ပါတယ်။ မြင်ရာ၊ ကြားရာ၊ စားရာ၊ သွားရာ၊ ထိရာ၊ တွေ့ရာ၊ နံရာ တို့မှာလည်း သတိလေးနဲ့ နေစေချင်ပါတယ်။ ဒါဆိုရင်တော့ ဘုရားရှင် နောက်ဆုံးမှာကြားခဲ့တဲ့ *အပ္ပမာဒေန သမ္ပာဒေထ* တရားကို လိုက်နာရာရောက်သလို လာခြင်းဆိုးခဲ့ပေမယ့် ပြန်ခြင်းတွေကတော့ ကောင်းပါလိမ့်မယ်လို့……။


လေးစားစွာဖြင့်
ဖိုးသား

05.01.2009, MON:, 07:02:25 AM
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Sunday, 8 March 2009

*အလှူ၊ ဆုတောင်းနှင့် အမျှဝေခြင်း*

သန်းခေါင်ယံ အမေးအဖြေ စာအုပ် အတွက် အလှူပါဝင်သူများ

1. ကိုအောင်ကျော်နိုင်+မခင်ဌေးကြူမိသားစု ဆစ္ဒနီမြို့၊ သြစတေးလျားနိုင်ငံ၊ မှ လှူဒါန်းငွေ၂၀၀,၀၀၀ ကျပ်။
2. မောင်ဝင်းမြင့်ဇော် (MIET) မော်စကို မှ လှူဒါန်းငွေ ဒေါ်လာ ၁၀၀။
3. ဒေါက်တာ တင့်ဇင်ဦး+ ဒေါ်ခင်သန္တာအေးမိသားစု mansfield,England ၂၀၀၀၀ ကျပ်။
4. မောင်ပြည့်စုံအောင် (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ဒေါ်လာ ၅၀။
5. မောင်ကျော်စိုးသူ (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ဒေါ်လာ ၅၀။

ကိုဝင်းမြင့်ဇော်ရဲ့ ဆုတောင်းနဲ့ အမျှဝေမှုလေးပါ…။

အရှင်ဘုရား..

ဘုရား တပည့်တော် ဤသို့ယခု ပြုခွင့်ရသော ဒါန အကျိုး အားကြောင့် ဘုရား တပည့်တော် အားထုတ်ဆဲ ဖြစ်သော ရုပ်နာမ် ဓမ္မတို့၏ ဖြစ်မှု၊ ပျက်မှု ကိစ္စ၌သိသော ကိစ္စဉာဏ်သည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရုပ်သိမ်းသည့် အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက် ပြုသည့် ကတဉာဏ်သို့ ကျေးဇူး ပြုကြောင်း အထောက်အပံ့ ဖြစ်ရပါစေ...

ဤသို့ယခု ပြုရသော ဒါနကုသိုလ် အဖိုးပါဒကို ကျေးဇူး ကြီးမားလှသော မိဘ၊ ဆရာသမား တို့အား လည်းကောင်း၊ ယခု ကော့မန့် ဖတ်ရှု နေသော သူတော်ကောင်း ဓမ္မမိတ်ဆွေ တို့နှင့် တကွ (၃၁)ဘုံ ကျင်လည် နေကြကုန်သော သတ္တဝါ အပေါင်းတို့အား လည်းကောင်း ဘုရား တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရကြပါစေ အမျှ ပေးဝေပါ၏။

ဤအမျှရကြ၍ အားလုံးသော သူအပေါင်း တို့သည် သစ္စာလေးပါး တရားတော် မြတ်အား ထိုးထွင်းသိ၊ ပိုင်းခြားသိခြင်း အကြောင်းသို့ ကျေးဇူး အထောက်အပံ့ ပြုနိုင်ကြ ပါစေသတည်း။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ အေးမြကြပါစေ..

လေးစားစွာဖြင့်
ဝင်းမြင့်

×××××××××××××××××

ဒါကတော့ ကိုဝင်းမြင့် ဆုတောင်းနဲ့ အမျှ ဝေတာလေးကို သဘောကျ အတုခိုးလို့ ကျွန်တော် ဖိုးသား (ပြည့်စုံအောင်)ရဲ့ ဆုတောင်း အမျှဝေတာလေးပါ…။

>>> ဤကောင်းမှု ကုသိုလ်ကံ စေတနာ တို့ကြောင့် တပည့်တော် အားထုတ်ဆဲ ဖြစ်သော ၀ိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ကျေးဇူး ပြုသောအားဖြင့် ပဋိသန္ဓ နေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၏ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ မျက်မှောက် ပြုရပါလို၏ အရှင်ဘုရား။

>>> ဤသို့ ပြုရသော ဒါနကုသိုလ်၏ အဖိုးပါဒကို မွေးသမိခင် ဒေါ်မြင့်အုန်းနှင့် ကွယ်လွန် သွားရှာလေ ပြီးသော ဖိုးသား၏ ဖေဖေ (ဦးကြည်လှိုင်) တို့အား လည်းကောင်း၊ ကိုယ်စောင့်နတ်အား လည်းကောင်း၊ ကျေးဇူးကြီးမား လှသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့အား လည်းကောင်း၊ ၀ိပဿနာ အလင်းတန်းကို ထိုးထွင်းသိ၊ ပိုင်းခြားသိအောင် အစ်ကိုလိုတစ်မျိုး၊ ဆရာလိုတစ်သွယ်၊ မိတ်ဆွေလိုတစ်ဖုံ နည်းစုံအောင် သွန်သင်ဆုံးမ လမ်းညွှန်ပေးခဲ့သော အစ်ကို ၀င်းမြင့်အား လည်းကောင်း၊ ဖိုးသား ဟူသောနာမည်၏ ဖန်ဆင်းရှင် ဆရာတော် အရှင်နာယကာလင်္ကာရ အားလည်းကောင်း၊ ကွယ်လွန်လေပြီးသော ဖိုးသား၏ ဘိုးဘွားတို့အား လည်းကောင်း၊ ကွယ်လွန်လေပြီးသော အမေရဲ၊ DSA အပတ်စဉ် 45 မှ ကိုဖုန်းကိုကိုနှင့် DSTA အပတ်စဉ် 8 မှ ကိုကျော်ထင်လင်း တို့အားလည်းကောင်း၊ ယခုကော့မန့်ဖတ်ရှု နေသော သူတော်ကောင်း ဓမ္မမိတ်ဆွေ တို့နှင့်တကွ (၃၁)ဘုံ ကျင်လည်နေကြ ကုန်သော သတ္တဝါအပေါင်းတို့အား ဘုရားတပည့်တော် ဖိုးသားနှင့် ထပ်တူထပ်မျှ ရစေခြင်းငှာ အမျှပေးဝေပါ၏။

>>> ဤ အမျှပေးဝေမှုကို ရရှိကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့သည် သစ္စာလေးပါး တရားတော်မြတ်အား ထိုးထွင်းသိ၊ ပိုင်းခြားသိနိုင်ခြင်း အကြောင်းသို့ ကျေးဇူးပြု၊ အထောက်အပံ့ ပြုနိုင်သည် ဖြစ်ပါစေကြောင်း ဖိုးသားမှ အဖြူရောင်မေတ္တာများနှင့် ဆန္ဒပြု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ၊ ရအောင်လည်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်သည် ဖြစ်ပါစေသား။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား တစ်ဖြစ်
ပြည့်စုံအောင်

×××××××××××××××××××××××

>>> သန်းခေါင်ယံ အမေး အဖြေ စာအုပ်က ဘုန်းဘုန်းကောဝိဒ (မြိတ်) ရေးသား တာပါခင်ဗျာ..။ အားလုံးပဲ အမျှရ၍ သာဓု ခေါ်နိုင်ကြပါစေ...။

လေးစားစွာဖြင့်
ဖိုးသား

3/8/2009, SUN:, 6:48:42 PM
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Sunday, 1 March 2009

*ကျွန်တော် ရေးခဲ့ဖူးသော ကွန်မန့်အတိုအထွာများ*

http://www.laylwintnaythu.co.cc/2009/02/blog-post_09.html
၎င်းပို့စ်နှင့် ပတ်သတ်၍ ရေးခဲ့သော ကွန်မန့်လေးပါ..။

1) ဒီလိုပါပဲ ကိုရဲရာ.. လူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တူပါ့မလဲလေ.. လူလို့ အမည်ခံကြပေမယ့် လူလိုမသိတဲ့လူတွေက လောကမှာ အများသား... ဒါကြောင့်လည်း မရှိတာထက်၊ မသိတာခက်၊ မသိတာထက် သိလျက်နဲ့ မကျင့်တာခက်လို့ ဒီစကားလေး ပေါ်လာတယ် ထင်ပါ့...

ဘာပဲပြောပြော လူပေါင်းစုံ ရှိရင်တော့ စရိုက်ကတော့ ပေါင်းစုံရှိမှာပါပဲ.. ရှိနေတာပဲ... နောင်လည်း ရှိနေဦးမှာပဲ... ဒါက ဘုရားလက်ထက်က စလို့ လောကဓမ္မတာ ပဲလို့ ကျွန်တော်ထင်ပါတယ်... ဒီလို အသိမရှိတဲ့ လူတိုင်းကို လိုက်ပြုပြင်လို့ကတော့ သက်တမ်းသာကုန်သွားမယ်... သူတို့ကတော့ ပန်းပန်လျက်ပါပဲလို့ လုပ်နေမလားပဲ...

လူတိုင်းကိုတော့ ပြုပြင်လို့ မရနိုင်ပေမယ့်... ပြုပြင်လို့ ရတာတစ်ခုတော့ ရှိတယ်.. အဲဒါဘာလဲဆိုတော့ ကိုယ်ကိုယ်တိုင် အဲဒီထဲ မပါအောင်ပေါ့... ဆရာတော် ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ဆုံးမထားတဲ့ စကားလေးနှစ်ခွန်း ညီဒီနေရာက မျှဝေလိုက်ပါ့မယ်...

၁။ လူတစ်ယောက်က ကိုယ့်အပေါ်ဖြစ်ဖြစ် သူတစ်ပါးအပေါ်ဖြစ်ဖြစ် မကောင်းတာလုပ်ပြီဆို သူ့ကို အရင် အပြစ်မတင်ဘဲ ကိုယ့်မှာကော အဲသလို စရိုက်မျိုး အကျင့်မျိုး ရှိသလားလို့ ဆင်ခြင်ရမယ်...ရှိနေရင် ပြင်ရမယ်... တဲ့။

နောက် ဆုံးမစကား တစ်ခွန်းက

၂။ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ… တဲ့

ကျွန်တော့်ဆီ စာတွေလာဖတ်လို့ ကျေးဇူးပါ ကိုရဲ…

ဖတ်မှတ်ပြီး ရရှိသွားတဲ့ တရားအသိတွေကို လက်တွေ့မှာ အသုံးကျအောင် အသုံးချတတ်ပါစေ… ကျန်းမာရွှန်လန်းပါစေ…။
တရားနှလုံးသွင်းပြီး ကောင်းမြတ်အေးချမ်းတဲ့ နေ့ရက်လေးတွေကိုလည်း နေ့စဉ်ရက်ဆက် ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျာ…

လေးစားစွာဖြင့်
ဖိုးသား

****************************

http://thitsaralin.blogspot.com/
၎င်းဘလော့လေးကို ဖတ်ရင်း ဒီလိုလေးလည်း ရေးခဲ့ဖူးပါတယ်…။

2) တီလေးရေ… မင်္ဂလာပါ


ဖိုးသား လာဖတ်သွားပါတယ်… ဖိုးသားလည်း ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရား တစ်ပုဒ်လားပဲ နာဖူးပါတယ်… ၂၀၀၆ ကုန်ခါနီးလောက်ကပါ.. ဗိုလ်တစ်ထောင် ဘုရားပွဲမှာ… ဒါပေမယ့် တရားခေါင်းစဉ် *ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ခန်း*နဲ့ *အချိန်တိုင်းတွေးနေရင်း ဘ၀ပြောင်းနေသည်* ဆိုတဲ့ စကားလေးကိုတော့ ယနေ့တိုင် မှတ်မိနေဆဲပါ တီလေး…

ခုလိုလွယ်ကူ နားလည်လွယ်အောင် ရေးသားပေးလို့လည်း တီလေးကို ကျေးဇူးတင်ပါတယ်…

တီလေးကျန်းမာပါစေ…

လေးစားရိုသေစွာဖြင့်
ဖိုးသား

********************************************

ဒါကတော့ ဘုန်းဘုန်း ၀ိစိတ္တ ဘလော့က ဒီပို့စ်လေးကို ဖတ်မိရင်း ရေးခဲ့ဖူးတာပါ..။ ဘုန်းဘုန်း ပြန်ဖြေထားတာကိုလည်း အဲဒီ့ပို့စ်ရဲ့ ကွန်မန့်ထဲမှာပဲ ဆက်လက် ဖတ်ရှုလို့ ရပါတယ်ခင်ဗျာ...။
http://phonephonevi.blogspot.com/2009/02/blog-post_22.html

3) ဘုန်းဘုန်း မင်္ဂလာပါ... (ဘုန်းဘုန်းဝိစိတ္တ)

စေတနာသုံးတန်ပို့စ်လေး ဖတ်အပြီးမှာ ဖိုးသားစိတ်ထဲ ဘ၀င်မကျတာလေး ပေါ်လာလို့ပါ... ဒါလေးနဲ့ပတ်သတ်လို့...

>>> “အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။” <<< ဖိုးသား ဘ၀င်မကျတာက ရွေးချယ်လှူဆိုတဲ့ အသုံးအနှုန်းလေးပါ... ဘုန်းဘုန်း ဒီပို့စ်ရေးတဲ့ ရည်ရွယ်ချက်ကို ဖိုးသားနားလည်ပါတယ်... အပရစေတနာ အပြည့်အ၀ရစေဖို့ အလှူခံပုဂ္ဂိုလ် ရွေးချယ်ပြီး လှူခိုင်းတယ်ဆိုတာ... ဒါပေမယ့် ဖိုးသား သိထားတာလေး တစ်ခုရှိပါတယ်... အလှူဒါန တစ်ခု ပြုတဲ့နေရာမှာ ကုသိုလ်နဲ့ ပါရမီနဲ့ ကွဲပြားတာလေး...

ပုဂ္ဂိုလ် ယုတ်မြတ်ရွေးချယ်အပ် ခေါ်အပ်ကုသိုလ်သာ၊
ပုဂ္ဂိုလ် မရွေးလှူဒါန်းပေး မှတ်ရေးပါရမီ။

ဘုန်းဘုန်းက အလှူခံပုဂ္ဂိုလ် ရွေးချယ်ပြီး လှူခိုင်းတော့ ကုသိုလ်ကို အဓိက မထားဘဲ ပါရမီအတွက် ဖြည့်ကျင့်နေတဲ့ သူမျိုးအတွက်ကျတော့ အမှတ်မှားစရာ ဖြစ်နိုင်မလားလို့ ဖိုးသားယူဆမိပါတယ်... ဖိုးသားလည်း သေသေချာချာတော့ နားမလည်ပါဘူး... သိထားတာလေးနဲ့ မကိုက်လို့ ရေးလိုက်ရခြင်းပါ...

ဘုန်းဘုန်းအပေါ် ဆရာလုပ်တဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် အပေါ်က ရေးသားခဲ့တဲ့အထဲမှာ မောက်မာတဲ့ သဘောမျိုး ပါသွားခဲ့ရင် ဖိုးသား ဒီနေရာကပဲ ရှိခိုးဦးချ တောင်းပန်ပါရစေ... ခွင့်လွှတ်ပေးပါ ဘုန်းဘုန်း...

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

*******************************

ဒါလေးလည်း ဘုန်းဘုန်းဝိစိတ္တ ဘလော့မှာ ရေးခဲ့ဖူးတာပါပဲ.. ဒီပို့စ်လေးနဲ့ ပတ်သတ်လို့...။
4) မင်္ဂလာပါ ဘုန်းဘုန်း

ဖိုးသားလည်း အနီးဝေးနဲ့ ပတ်သတ်ပြီး ကဗျာ တစ်ပုဒ် ရေးဖူးတယ်… ဘုန်းဘုန်းခုရေးတဲ့ သဘောတရားနဲ့တော့ မတူဘူး ထင်တယ်…။ သိထားတာလေးနဲ့ စိတ်ထဲပေါ်လာတာလေးကို စပ်ဆက်ပြီး ရေးထားတာပါ… ဖတ်ကြည့်ပေးပါဦး ဘုန်းဘုန်း…။

*ဆန့်ကျင်နေ၏၊ သို့သော်…*

ယောကျာ်းနဲ့ မိန်းမ
အချစ်နဲ့ အမုန်း
အဆုံးနဲ့ အစ
အဖြူနဲ့ အမည်း
ရန်သူနဲ့ မိတ်ဆွေ

လောဘနဲ့ အလောဘ
ဒေါသနဲ့ အဒေါသ
မောဟနဲ့ အမောဟ

အနိစ္စနဲ့ နိစ္စ
ဒုက္ခနဲ့ သုခ
အနတ္တနဲ့ အတ္တ
သုဘနဲ့ အသုဘ

လူမိုက်နဲ့ ပညာရှိ
သညာသိနဲ့ ပညာသိ
သင်္ခတနဲ့ အသင်္ခတ
--- --- ---
--- --- ---
သူတို့ဤသို့ ရှိကြ၏။

ပြောသံကြားတယ်
မျဉ်းပြိုင်နှစ်ကြောင်း
မပေါင်းဆုံနိုင်တဲ့
သင်လက်ခံသလား???

မျဉ်းပြိုင်နှစ်ခု
ထပ်တူပြုလိုက်ရင်တော့
ပေါင်းဆုံသွားပြီပေါ့၊
ခရီးတစ်ခုကို
အတူယှဉ်ပြီး
ချီတက်နိုင်ပြီပေါ့။

ဘာကြောင့်ပါလိမ့်
နီးနီးလေးနဲ့ ဝေးနေလို့။
ဝေးနေသော်လည်း နီးနေဆဲ။ ။

လေးစားစွာဖြင့်
ဖိုးသား

20.12.2008, SAT:, 09:14:14 pm


ဒီလိုပညာပေး၊ အသိဉာဏ်ပေး တရား ဆောင်းပါးတွေ ရေးပေးနေလို့၊ နောက် ဖိုးသားတို့လည်း ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း…။ မြန်မာပြည်က လူတွေလည်း ဘုန်းဘုန်းပြောသလိုပဲ နီးနီးလေးနဲ့ ဝေးနေကြတယ်နော်…။ ဖိုးသားလည်း ဒီရုရှားရောက်လာတာပဲ ကံကောင်းတယ် ပြောရမယ်…။ ဘာသာတရားနဲ့ ပတ်သတ်ပြီး ဒီရောက်မှ လေ့လာခွင့်လည်းရ၊ မိတ်ကောင်းဆွေကောင်း တွေနဲ့လည်း တွေ့ကြုံရ၊ ဖိုးသားအတွက်တော့ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေပါပဲ ဘုန်းဘုန်းရာ…။ ပြောရရင် ဝေးနေပေမယ့် တဖြေးဖြေး နီးလာတာပေါ့…။

ဖိုးသားလည်း ဆက်လက်နီးစပ်အောင် ကြိုးစားသွားပါ့မယ်..။ ကြိုးစားနေပါ့မယ်..။ ကြိုးစားလျက်ပါ။ လိုအပ်တာလေးတွေ၊ မှားနေတာလေးတွေ ရှိရင်လည်း ဖိုးသားကို သွန်သင်လမ်းညွှန်လို့ ဆုံးမပေးပါဘုန်းဘုန်း…။

ဘုန်းဘုန်းကျန်းမာပါစေ…။

လေးစားရိုသေစွာ ဦးခိုက်လျက်
ချစ်တပည့်လေး (ဘုန်းဘုန်းရဲ့ ဘလော့စာမျက်နှာက သွန်သင်လမ်းညွှန်တဲ့ တရားစာသားတွေ ဖတ်နေလို့ ဘုန်းဘုန်းလည်း ဖိုးသားရဲ့ သင်ဆရာ၊ မြင်ဆရာပါပဲ…။)
ဖိုးသား

****************************************

ဒီကွန်မန့်လေးကတော့ ညီလေး craton ရဲ့ *ငါမသေဘူး ရေကူးတတ်တယ်* ဆိုတဲ့ ပို့စ်လေးကို ဖတ်ရင်း ရေးခဲ့ဖူးတာပါ...။
http://craton-craton.blogspot.com/2009/02/blog-post_27.html

5) ညီရေ...

အခုမှပဲ ရေရေလည်လည် သဘောပေါက်တော့တယ်.. အစ်ကိုက ပထမ စာအရေးအသားကို သွားဖတ်နေမိလို့ နားမလည်တာ... အခု နောက်တစ်ခေါက် အရေးအသားကို ဘေးချိတ်လို့ သဘောတရားကို အရဖမ်းလိုက်တော့မှပဲ သေသေချာချာ နားလည်တော့တယ်... အစ်ကို နားလည်တာလေး ပြောကြည့်မယ်နော...

ညီက လောကဓံ ၈-ပါးနဲ့ ကြုံနေရတဲ့ ဘ၀ကနေ အားတင်း ရုန်းကန် ရေဆန်ကို ဆန်တက်တဲ့ အဓိပ္ပါယ်နဲ့ ရေးထားတယ် ထင်ပ၊ ဒါက အစ်ကိုထင်တာနော်... အားတင်းထားညီရေ.. ရေဆန်ကို လှော်တက်ရာမှာ... တက်ကိုတော့ မလွတ်စေနဲ့... အားပြင်းပြင်းနဲ့လှော်ထား... တစ်နေ့တစ်လံ ပုဂံဘယ်မှ မရွေ့ပါဘူး ညီ.. တကယ်လို့ လှော်ခတ်ရင်း လမ်းခရီးမှာ တက်ကျိုးခဲ့ရင်တောင် တက်အစား လက်ထိုးလှော်ရလိမ့်မယ် ညီ.. ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက် လှမ်းချင်ရင်ပေါ့ကွာ..

တော်သေးတာပေါ့ညီ.. ညီက ရေထဲကျတဲ့ အချိန် ရေကူးတတ်ပေလို့... တကယ်လို့ ရေများ မကူးတတ်ရင် ဘယ်လိုများဖြစ်မလဲလို့ အဆက်အစပ်မရှိ တွေးလိုက်မိသေးတယ်... နောက်တာ ညီရေ...

ကျန်းမာရွှင်လန်းပါစေညီ...
လိုရာပန်းတိုင် ကိုလည်း အားတင်းလှော်ခတ် မဟာဇနက္ကထုံး နှလုံးမူရင်း တစ်ဘက်ကမ်းကို အရောက် လှမ်းနိုင်ပါစေ...။

လေးစားခင်မင်စွာဖြင့်
ဖိုးသား

**********************************

လေးစားထိုက်သူများကို လေးစားလျက်
ဖိုးသား

01/03/2009, SUN:, 11:18:34 AM

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....
 
Bookmark and Share