*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Wednesday, 25 March 2009

*သံဃာတော် အရှင်သူမြတ်တို့အား ဦးခိုက်ခြင်း*

*သံဃာတော် အရှင်သူမြတ်တို့အား ဦးခိုက်ခြင်း*



ဘုရားသာသနာကို
ဤမြေကမ္ဘာမှ
မတိမ် “ကော”
မပပျောက်အောင်
စောင့်ရှောက်ကယ်တင်
သံဃာတော် အရှင်မြတ်တို့အား
အဟံ-ဘုရားတပည့်တော်သည်
နမေ နမာမိ-
ယုံကြည်မြတ်နိုး
လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။

၂၂၇ - သွယ်သော
သိက္ခာတော်
“၀ိ” နည်းတော်တို့နှင့်အညီ
ကြိုးကုတ်အားထုတ်
ပိုင်ပိုင်နိုင်နိုင်
ကျင့်ကြံနေထိုင်ကြသော
သံဃာတော် အရှင်မြတ်တို့အား
အဟံ-ဘုရားတပည့်တော်သည်
နမေ နမာမိ-
ယုံကြည်မြတ်နိုး
လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။

အပ္ပမာ “ဒ” ခေါ်
မမေ့ခြင်းတရားနှင့်
သစ္စာတရားတော်တို့ကို
ဟောပြောညွှန်ကြား
သွန်သင်လမ်းပြ
ဆုံးမတတ်ကုန်သော
သံဃာတော် အရှင်မြတ်တို့အား
အဟံ-ဘုရားတပည့်တော်သည်
နမေ နမာမိ-
ယုံကြည်မြတ်နိုး
လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။

>>> ဘုန်းဘုန်း ‘ကောဝိဒ’ (မြိတ်ဆရာတော်) ဘွဲ့တော်လေးကို အခြေတည်လို့ သံဃာတော် အရှင်သူမြတ်တို့အား ပူဇော်သမှုနဲ့ ရေးသားဖော်ကြူးအပ်ပါတယ် အရှင်မြတ်တို့ ဘုရား။ (မှားတာလေးတွေရှိရင် ဖိုးသားကို သွန်သင်လမ်းပြပါဦး ဘုရား)

ရိုသေလေးမြတ်စွာ ဦးခိုက်လျက်
ဖိုးသား

3/25/2009 8:44:22 AM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Saturday, 21 March 2009

*ငါ၏အဓိဋ္ဌာန်*

အရှင်ဘုရား…
တပည့်တော်သည်
သစ္စာတည်၍
ဖြစ်တည်နေသော
ဤလောကောနှင့်
ဤသာသနာ
ဤမြေရွာအတွက်
ကိုယ်ကျိုးမဖက်
များကျိုးတွက်ကြည့်
ငဲ့ကွက်လျက်ပင်
ထာဝစဉ်သာ
ရဲရင့်ပါမည်
ရှင်မြတ်ဘုရား အရှင်ဘုရား။

အရှင်ဘုရား
တပည့်တော်သည်
မေတ္တာတွေဖြန့်
စိတ်ထားတံ့လျက်
ပျံနှံ့နိုင်စေ
ဤမြေကမ္ဘာ
ဤမြေရွာအား
သာသနာဖြင့်
ရောင်ဝါဖြန့်ခင်း
နေမင်းပမာ
အလင်းသာမည်
ဓိဋ္ဌာန်သည်လေ
ရှင်မြတ်ဘုရား အရှင်ဘုရား။

အရှင်ဘုရား
တပည့်တော်သည်
မြေကမ္ဘာ၌
ဘုရားသာသနာ
ကျင့်နှစ်ဖြာကို
ကျင့်ကြံကြိုးကုတ်
အားအင်ထုတ်မည်
ထိုအားအင်ဖြင့်
ဤမြေကမ္ဘာ
ဤမြေရွာအား
ငွေလပမာ
ကရုဏာဖက်
အအေးဓါတ်ဖြင့်
ထွန်းလက်စေမည်
ဓိဋ္ဌာန်သည်လေ
ရှင်မြတ်ဘုရား အရှင်ဘုရား။ ။


လေးစားစွာဖြင့်
ဖိုးသား

3/21/2009, SAT:, 1:02:17 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Sunday, 15 March 2009

*ချစ်နှမသို့ မှာတမ်း*


အိ စက်နူးညံ့မှု
ဒီသဘောကို
လူတိုင်း သတ္တ၀ါတိုင်း
သဘောကျသတဲ့။
စကားပြောအိစက်နှုးညံ့တာ
အထိုင်အခင်း အိစက်နူးညံ့တာ
စိတ်ထား အိစက်နှုးညံ့တာ
-------အိစက်နူးညံ့တာ
-------အိစက်နူးညံ့တာ
အကောင်းဆုံးကတော့
နှလုံးသား အိစက်နူးညံ့တာ
သတ္တ၀ါတိုင်းအပေါ်မှာလေ။

ရောင် ၀ါ နေမင်း
သူ့အလင်းကလည်း
လောကတစ်ခွင်
အလှဆင်လို့
ရွှေအဆင်း ၀င်းဝါတာလောက်တော့
ပမွှားပါလို့ဆိုရလောက်အောင်
ထွန်းတောက်နေလေရဲ့။

ဘာပဲအားထားအားထား
ဘာပဲကိုးကွယ်ကိုးကွယ်
မပြောလိုပါဘူးကွယ်။

သို့ပါငြားလည်း
တစ်ခုမှာမယ်
ချစ်နှမငယ်
မျက်တော်မငြိ
စိတ်မရှိလေနဲ့
စိတ်နှလုံး
အိစက်နူးညံ့စေ။
ဝင်းဝါရောင်ခြည်
အလှညီတဲ့
ရှင်နေမင်းလို
လောကအဆင်း
မြူကိုခွင်းလို့
ထပ်လောင်းအလှဆင်နိုင်စေ။

ဤသို့ပြုမူ
အလှကူနိုင်က
လောကမြေမဟာ
ဤကမ္ဘာမှ
ညီမငယ်ပျိုကညာကို
အလိုရှိစွာကြိုလင့်ပေလိမ့်
အောင် ပန်းနဲ့အတူ
အောင်ဆုတွေယူပြီး
အောင်မြင်စေကြောင်း
အောင်စေကြောင်း။
အောင်နိုင်စေကြောင်း
အောင်စေကြောင်း။
အောင်ပါစေကြောင်း
အောင်စေကြောင်း။ ။

ညီမငယ်လေး အိဝါအောင် တစ်ယောက် အမှန်တရားကို အမြန်ဆုံးရှာတွေ့လို့ အောင်ပန်းတွေ လှမ်းဆွတ်နိုင်ပါစေ။

လေးစားစွာဖြင့်
ဖိုးသား

3/15/2009, SUN:, 10:53:58 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Friday, 13 March 2009

*ကော်ဖီတစ်ခွက်*


ကော်ဖီတစ်ခွက်…
သင်ကြိုက်သလား…
ကြိုက်သူရှိသလို
မကြိုက်ချင်ရင်လည်းနေပေါ့။

ကောဖီကတော့ …
သူ့ဟာသူနေတာပဲ။

သောက်သူတွေကသာ
ပညတ်နေတယ်ထင်ပါ့။

ကောင်းတယ် မကောင်းဘူး
ခါးတယ် မခါးဘူး
ရင်တုန်တယ်
အိပ်ရေးပျက်တယ်
ကျန်းမာရေးထိခိုက်တယ်
ဘာဖြစ်တယ်…
ညာဖြစ်တယ်…။

နောက်ဆုံးတော့လည်း …
ကော်ဖီဟာ ကော်ဖီပါပဲ ..
သူကတော့ စင်ပေါ်မှာပဲလေ ..
လူတွေရဲ့
အတ္တတွေ …
လောဘတွေ...
တဏှာတွေ…
မာနတွေ…
ဒိဋ္ဌိတွေ…
အကုန်လုံးကို ငုံ့ကြည့်ရင်း။
အားလုံးကို စိန်ခေါ်ရင်း။ ။


လေးစားစွာဖြင့်
ဖိုးသား

3/13/2009, FRI:, 11:02:40 AM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Sunday, 8 March 2009

*အလှူ၊ ဆုတောင်းနှင့် အမျှဝေခြင်း*

သန်းခေါင်ယံ အမေးအဖြေ စာအုပ် အတွက် အလှူပါဝင်သူများ

1. ကိုအောင်ကျော်နိုင်+မခင်ဌေးကြူမိသားစု ဆစ္ဒနီမြို့၊ သြစတေးလျားနိုင်ငံ၊ မှ လှူဒါန်းငွေ၂၀၀,၀၀၀ ကျပ်။
2. မောင်ဝင်းမြင့်ဇော် (MIET) မော်စကို မှ လှူဒါန်းငွေ ဒေါ်လာ ၁၀၀။
3. ဒေါက်တာ တင့်ဇင်ဦး+ ဒေါ်ခင်သန္တာအေးမိသားစု mansfield,England ၂၀၀၀၀ ကျပ်။
4. မောင်ပြည့်စုံအောင် (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ဒေါ်လာ ၅၀။
5. မောင်ကျော်စိုးသူ (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ဒေါ်လာ ၅၀။

ကိုဝင်းမြင့်ဇော်ရဲ့ ဆုတောင်းနဲ့ အမျှဝေမှုလေးပါ…။

အရှင်ဘုရား..

ဘုရား တပည့်တော် ဤသို့ယခု ပြုခွင့်ရသော ဒါန အကျိုး အားကြောင့် ဘုရား တပည့်တော် အားထုတ်ဆဲ ဖြစ်သော ရုပ်နာမ် ဓမ္မတို့၏ ဖြစ်မှု၊ ပျက်မှု ကိစ္စ၌သိသော ကိစ္စဉာဏ်သည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရုပ်သိမ်းသည့် အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက် ပြုသည့် ကတဉာဏ်သို့ ကျေးဇူး ပြုကြောင်း အထောက်အပံ့ ဖြစ်ရပါစေ...

ဤသို့ယခု ပြုရသော ဒါနကုသိုလ် အဖိုးပါဒကို ကျေးဇူး ကြီးမားလှသော မိဘ၊ ဆရာသမား တို့အား လည်းကောင်း၊ ယခု ကော့မန့် ဖတ်ရှု နေသော သူတော်ကောင်း ဓမ္မမိတ်ဆွေ တို့နှင့် တကွ (၃၁)ဘုံ ကျင်လည် နေကြကုန်သော သတ္တဝါ အပေါင်းတို့အား လည်းကောင်း ဘုရား တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရကြပါစေ အမျှ ပေးဝေပါ၏။

ဤအမျှရကြ၍ အားလုံးသော သူအပေါင်း တို့သည် သစ္စာလေးပါး တရားတော် မြတ်အား ထိုးထွင်းသိ၊ ပိုင်းခြားသိခြင်း အကြောင်းသို့ ကျေးဇူး အထောက်အပံ့ ပြုနိုင်ကြ ပါစေသတည်း။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ အေးမြကြပါစေ..

လေးစားစွာဖြင့်
ဝင်းမြင့်

×××××××××××××××××

ဒါကတော့ ကိုဝင်းမြင့် ဆုတောင်းနဲ့ အမျှ ဝေတာလေးကို သဘောကျ အတုခိုးလို့ ကျွန်တော် ဖိုးသား (ပြည့်စုံအောင်)ရဲ့ ဆုတောင်း အမျှဝေတာလေးပါ…။

>>> ဤကောင်းမှု ကုသိုလ်ကံ စေတနာ တို့ကြောင့် တပည့်တော် အားထုတ်ဆဲ ဖြစ်သော ၀ိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ကျေးဇူး ပြုသောအားဖြင့် ပဋိသန္ဓ နေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၏ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ မျက်မှောက် ပြုရပါလို၏ အရှင်ဘုရား။

>>> ဤသို့ ပြုရသော ဒါနကုသိုလ်၏ အဖိုးပါဒကို မွေးသမိခင် ဒေါ်မြင့်အုန်းနှင့် ကွယ်လွန် သွားရှာလေ ပြီးသော ဖိုးသား၏ ဖေဖေ (ဦးကြည်လှိုင်) တို့အား လည်းကောင်း၊ ကိုယ်စောင့်နတ်အား လည်းကောင်း၊ ကျေးဇူးကြီးမား လှသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့အား လည်းကောင်း၊ ၀ိပဿနာ အလင်းတန်းကို ထိုးထွင်းသိ၊ ပိုင်းခြားသိအောင် အစ်ကိုလိုတစ်မျိုး၊ ဆရာလိုတစ်သွယ်၊ မိတ်ဆွေလိုတစ်ဖုံ နည်းစုံအောင် သွန်သင်ဆုံးမ လမ်းညွှန်ပေးခဲ့သော အစ်ကို ၀င်းမြင့်အား လည်းကောင်း၊ ဖိုးသား ဟူသောနာမည်၏ ဖန်ဆင်းရှင် ဆရာတော် အရှင်နာယကာလင်္ကာရ အားလည်းကောင်း၊ ကွယ်လွန်လေပြီးသော ဖိုးသား၏ ဘိုးဘွားတို့အား လည်းကောင်း၊ ကွယ်လွန်လေပြီးသော အမေရဲ၊ DSA အပတ်စဉ် 45 မှ ကိုဖုန်းကိုကိုနှင့် DSTA အပတ်စဉ် 8 မှ ကိုကျော်ထင်လင်း တို့အားလည်းကောင်း၊ ယခုကော့မန့်ဖတ်ရှု နေသော သူတော်ကောင်း ဓမ္မမိတ်ဆွေ တို့နှင့်တကွ (၃၁)ဘုံ ကျင်လည်နေကြ ကုန်သော သတ္တဝါအပေါင်းတို့အား ဘုရားတပည့်တော် ဖိုးသားနှင့် ထပ်တူထပ်မျှ ရစေခြင်းငှာ အမျှပေးဝေပါ၏။

>>> ဤ အမျှပေးဝေမှုကို ရရှိကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့သည် သစ္စာလေးပါး တရားတော်မြတ်အား ထိုးထွင်းသိ၊ ပိုင်းခြားသိနိုင်ခြင်း အကြောင်းသို့ ကျေးဇူးပြု၊ အထောက်အပံ့ ပြုနိုင်သည် ဖြစ်ပါစေကြောင်း ဖိုးသားမှ အဖြူရောင်မေတ္တာများနှင့် ဆန္ဒပြု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ၊ ရအောင်လည်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်သည် ဖြစ်ပါစေသား။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား တစ်ဖြစ်
ပြည့်စုံအောင်

×××××××××××××××××××××××

>>> သန်းခေါင်ယံ အမေး အဖြေ စာအုပ်က ဘုန်းဘုန်းကောဝိဒ (မြိတ်) ရေးသား တာပါခင်ဗျာ..။ အားလုံးပဲ အမျှရ၍ သာဓု ခေါ်နိုင်ကြပါစေ...။

လေးစားစွာဖြင့်
ဖိုးသား

3/8/2009, SUN:, 6:48:42 PM
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Saturday, 7 March 2009

*ကြည်ညိုမှုမှာ မျက်ရည်စတွေနဲ့*



သြော်…
ဘုန်းဘုန်းတို့ရယ်
တပည့်တော်လေ
ဘုန်းဘုန်းတို့ကို
ဦးဇင်းတို့ကို
သံဃာတော် အရှင်သူမြတ်တို့ကို
မြင်လိုက်ရတယ်
တွေ့လိုက်ရတယ်
ဖူးလိုက်ရတယ်ဆိုရင်ဖြင့်
ရင်ထဲအသဲထဲ
နှလုံးသဲပွက်ထဲကနေ
မြတ်မြတ်နိုးနိုး
ချစ်ခင်နှစ်သက်
မြတ်နိုးစွာနဲ့
ကြည်ညိုမှုသဒ္ဓါတွေ
တအားပွားများနေမိတာ
အဘယ်ကဲ့သို့သော
အကြောင်းတရားတွေကြောင့်များပါလိမ့်။

ဘုန်းဘုန်းတို့
ဦးဇင်းတို့
သံဃာတော်အရှင်သူမြတ်တို့
စာသင်သားဘဝ
အနေအစားဆင်းရဲ
ချို့တဲ့ခဲ့တာလေးတွေ
တပည့်တော်ကြားသိလိုက်တော့
ထပ်လောင်းလို့တိုး
ကြည်ညိုရှိခိုးမိလိုက်ပြန်တယ်လေ။

တရားဟောပြ
သွန်သင်ဆုံးမတဲ့
ဆရာတော်တွေကို
တွေ့လိုက်မြင်လိုက်
ဖူးလိုက်ရတယ်
ကြားလိုက်ရတယ်ဆိုရင်လည်း
တပည့်တော်လေ
ရင်ထဲကကို
လှိုက်လှိုက်လှဲလှဲ
ဖော်မပြတတ်အောင်ပါပဲ
ကြည်ညိုမှုတွေလေ။

ဘုန်းဘုန်းတို့အပါး
ဝပ်တွားခယ
မာန်ကိုချလို့
ပြုစုယုယ
လုပ်ကျွေးချင်ပါသေးတယ်
အခွင့်သင့်ခဲ့ရင်ပေါ့လေ။

ဦးဇင်းကပြောတယ်
ဘုန်းကြီးဝတ်လိုက်လေတဲ့
တပည့်တော်နဲ့
မထိုက်သေးဘူးလို့ပဲ
ခံယူပြောပြ
သုံးနှုံးလိုက်ပါရစေ။

ဘာပဲပြောပြောလေ
ကြည်ညိုမှုမှာ
မျက်ရည်စတွေနဲ့ဆိုတာကိုတော့
တပည့်တော်အသိဆုံးပါပဲလေ။ ။


>>> သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား ရိုသေလေးစား ကြည်ညိုမှုတွေပွားပြီး ၀ပ်တွားခယ ဦးချလျက်…

လေးစားရိုသေစွာဖြင့်
ဖိုးသား

3/7/2009, SAT:, 6:54:41 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Friday, 6 March 2009

*တမ်းချင်း*

ကြာညောင်းခဲ့ပါပေါ့
သုံးဆယ့်ငါးရက်တာ။

အဲဒီနောက်ကွယ်တော့
အလှတွေနှောင်း
လူ့ဘ၀ပြောင်း။

သင်္ကန်းနီနီ
နေနီနီနဲ့
စီစီရီရီ
ဆွမ်းခံပါလို့
ကိုရင်ဘဝ
ပျော်ခဲ့ကြ
မကြာခဏ
တမ်းတသဗျ။

ထိုစဉ်ခါက
ကိုရင်သူငယ်ချင်းများ
ခုနေဘယ်ဆီ
ရောက်နေပြီလဲ
ခုနေဘာများ
လုပ်နေကြလဲ။

ဟိုတုန်းကတော့
ကလေးသာသာ
တွေးနေတာမို့
တူတူဆော့ခဲ့
တူတူစားခဲ့
တူတူအရုပ်ပစ်ခဲ့
တူတူအိပ်ခဲ့
တူတူရန်ဖြစ်ခဲ့
တူတူလောက်စာလုံး လုံးခဲ့
တူတူလောက်စာလုံး ပစ်ခဲ့
တူတူကြမ်းတိုက်ခဲ့
တူတူစာကျက်ခဲ့
တူတူခေါင်းရိတ်ခဲ့
တူတူသပိတ်ဆေးခဲ့
တူတူအရိုက်ခံခဲ့
တူတူ----------ခဲ့
တူတူ----------ခဲ့
ကြောက်တတ်မှုကင်း
ပြုံးပျော်ခြင်းတွေနဲ့။

မှတ်မိသေးသဗျ
ဘွဲ့တော်လေးတွေ
ကိုရင်ကေလာသ
ကိုရင်စန္ဒောဘာသ
ကိုရင်ခေါင်းပြား
(ဘွဲ့မေ့သွား)
တပည့်တော်ကတော့
ကိုရင်ပညောဘာသပေါ့။

သေချာတာတစ်ခုကတော့
ကိုရင်သူငယ်ချင်းတွေ
ခုချိန်မှာတော့
ဦးပဇင်းအသွင်နဲ့
ကြည်ညိုဖွယ်အဆင်း
အလှတွေထင်းနေပြီပေါ့
တပည့်တော်ကလွဲလို့။

ဘာတွေဘယ်လိုပြောင်း
ဘယ်သူတွေဘယ်လိုဟောင်းလည်း
ထိုသုံးဆယ့်ငါးရက်တာ
အချိန်အခါလေးကတော့
အလွမ်းသံစဉ်၌ပျော်ဝင်
တမ်းချင်းတွေဖြစ်ကုန်ပေါ့။ ။


လေးစားစွာတမ်းတလျက်
ဖိုးသား

3/6/2009, SAT:, 9:31:43 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Wednesday, 4 March 2009

*ရောမရောက်တိုင်း ရောမလို ကျင့်သင့်ပါသလော…*

``When in Rome do as the Romans do.​ ရောမရောက်ရင် ရောမလိုကျင့်`` ဟူသော စကားပုံတစ်ခု ရှိ၏။ ဤစကားပုံသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေကြသူများအား မိမိတို့ရောက်ရှိနေသော နိုင်ငံအသီးသီး၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သူ့နိုင်ငံရောက်လျှင် သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန် သတိပေးတိုက်တွန်း လမ်းညွှန်ပေးသည့် စကားပုံဖြစ်၏။ မှန်၏။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များရှိပြီး ထိုမတူညီမှုများကြောင့်ပင် အနေအထိုင်၊ အပြောအဆို၊ အလုပ်ကိုင်များတွင် တစ်နည်းနည်းဖြင့် ဒုက္ခတွေ့ကြသည်သာ ဖြစ်၏။ ထို့ကြောင့်လည်း ထိုဒုက္ခများကို အဆင်ပြေကျော်လွှားနိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုအတိုင်း လိုက်နာနေထိုင်နည်းကို လက်ခံကျင့်သုံး လာကြခြင်းဖြစ်၏။ ရောမရောက်ရင် ရောမလိုကျင့်သင့်သည်ဟု ပြောဆိုတိုက်တွန်းလာကြခြင်း ဖြစ်၏။ သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုများအတိုင်း လိုက်နာကျင့်သုံးပါက အမှန်တကယ်လည်း အဆင်ပြေလာသည်ကို သတိပြုမိကြမည် ဖြစ်၏။ သို့သော် ``နေရာတကာတိုင်းမှာ ရောမရောက်တိုင်း ရောမလို ကျင့်သင်သလား``ဟု မေးစရာဖြစ်လာ၏။ မတူညီသည့် ဘာသာတရား၊ ယဉ်ကျေးမှုများနှင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းတွင် ဆိုင်ရာဆိုင်ရာ လက်ခံကျင့်သုံးရမည့် စည်းကမ်းဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိဖြစ်နေသောကြောင့် ထိုနိုင်ငံမှာနေသဖြင့် ထိုနိုင်ငံအတိုင်း လိုက်နာရန်အတွက် မိမိတို့တစ်သက်လုံး ထိန်းသိမ်းကျင့်သုံးလာသည့် အကျင့်တရားများ၊ ယုံကြည်မှုများ စသည်တို့ကို ပယ်စွန့်ပြီး ``ဘာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးသင့်သလား``ဟု စောဒကတက်စရာ ဖြစ်လာ၏။ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ အဆုံးအမ အကျင့်သီလတို့ကို လက်ခံလိုက်နာ ကျင့်သုံးနေကြသည့် မြန်မာဗုဒ္ဓဘာသာများအတွက် ပိုပြီးမေးခွန်းထုတ်စရာ ဖြစ်လာ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေရန် တစ်ခုတည်းကို ကြည့်ပြီးဘာပဲဖြစ်ဖြစ် လက်ခံလိုက်နာကျင့်သုံး ကြမည်လော…

စာဖတ်သူများ မည်သို့စဉ်းစားလက်ခံမည် ဆိုသည်ကို မသိသော်လည်း စာရေးသူ၏ တစ်သီးပုဂ္ဂလခံယူချက် အနေဖြင့်ကား မကျင့်သုံးသင့်ဟု ထင်မိ၏။ ရောမရောက်ရင် ရောမလိုကျင့်ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလိုမကျင့်သင့်ဘဲ ကျင့်နိုင်သည့်အရာ ကျင့်သင့်သည့် အရာများကိုသာ လက်ခံလိုက်နာ ကျင့်သုံးသင့်သည်ဟု ခံယူမိ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေမှု တစ်ခုတည်းကို ကြည့်ပြီး မိမိ၏ ကိုယ်ကျင့်သီလများ ပေးဆပ်လိုက်ရသည်အထိ မတူညီမှုများကိုကား လက်ခံလိုက်နာ ကျင့်သုံးမှု မပြုသင့်ဟု ထင်မိ၏။ စာရေးသူ၏ ဤယူဆချက်သည် လွဲကောင်းလွဲနိုင်သော်လည်း ဤယူဆချက်သည် စာရေးသူ ယခုလက်ရှိနေထိုင်သည့် နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုများကို လက်ခံကျင့်သုံးနေကြသည့် ရွှေမြန်မာများ၏ လက်တွေ့ဘ၀များကိုကြည့်ကာ ကောက်ချက်ချမိခြင်းဖြစ်၏။

စာရေးသူ ယခုလက်ရှိ နေထိုင်သာသနာပြုနေသည့် နိုင်ငံကို တိုက်ရိုက်အမည် မဖော်လိုသော်လည်း ဤနိုင်ငံသည် အရက်ကို အလွန်နှစ်နှစ်ကာကာ သောက်သုံးဧည့်ခံသည့် ဓလေ့ထုံးစံရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏။ မည်သည့်ပွဲမဆို အရက်မပါလျှင် မပြီးသည့်အနေအထားမျိုး ဖြစ်နေ၏။ အရက်မပါလျှင် အလုပ်မဖြစ်သကဲ့သို့ အရက်မသောက်လျှင်လည်း အပေါင်းအသင်းပင် မရှိနိုင်သည့် အနေအထား ရှိ၏။ ယောက်ျားလေး၊ မိန်ကလေး၊ လူကြီးလူငယ်၊ စသည်ခွဲခြားမှု မရှိဘဲ ၀ိုင်းထိုင်မိလျှင် အရက်နှင့်သာ အစပြုတတ်၏။ အရက်မသောက်တတ်သူသည် သူတို့နှင့်အံဝင်ခွင့်ကျ မရှိဘဲ တစ်ဖြေးဖြေး ဘေးရောက်သွားတတ်သည်အထိ အရက်ယဉ်ကျေးမှုက လွှမ်းမိုးနေ၏။ ထိုသို့သော အခြေအနေမျိုးတွင် မလာမဖြစ်လာပြီး အလုပ်လုပ်နေကြသည့် ရွှေမြန်မာများအတွက် သူ့နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်ရှင်များနှင့် အဆင်ပြေစေရန်အတွက် သူတို့နှင့်အတူ လိုက်ပြီးသူ့ထုံးစံအတိုင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးအနေအထား ဖြစ်နေ၏။ တစ်ဘက်ကလည်း မိမိတို့ ကိုးကွယ်သည့် ဘာသာတရား အဆုံးအမ အကျင့်သီလများကို ချိုးဖောက်ရာ ရောက်နေ၏။ မည်သို့လက်ခံကြမည်နည်း။ မိမိတို့၏ ကိုယ်ကျင့်သီလကို အပျက်ခံပြီး တဒင်္ဂအခိုက်အတံ့ အဆင်ပြေစေရန်အတွက် သူ့ဓလေ့ထုံးစံကို လိုက်လုပ်ကြမည်လော… ရောမရောက်နေသည့်အတွက် ရောမလို လိုက်ကျင့်ကြမည်လော… စသည်ဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာ၏။

ထိုအခက်အခဲသည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင်သာမက စာရေးသူတို့ ဘာသာရေးပိုင်းအထိ ရိုက်ခတ်မှုဖြစ်လာ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓဘာသာတွင်လည်း မတူညီသည့် ဂိုဏ်းကွဲများရှိသည်ကို အားလုံးသိကြပြီးဖြစ်၏။ အထူးသဖြင့် ထေရ၀ါဒ၊ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ ဟူသည့် ဂိုဏ်းကြီးများမှာ ပိုမိုထင်ရှား ကျော်ကြားလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဟူသော ငါးနိုင်ငံကို ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံဟူ၍ သိကြပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ တိဗက်၊ မွန်ဂိုစသော နိုင်ငံများကို မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဟု ယေဘုယျအားဖြင့် ဆိုနိုင်၏။ ထေရ၀ါဒဟူသည် ဘုရားဟောတရားတော်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိ ပကတိအတိုင်း လက်ခံလိုက်နာ ကျင့်သုံးသည့် ဗုဒ္ဓဘာသာဟု ထေရ၀ါဒ နိုင်ငံများက လက်ခံယူဆသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာသည်လည်း မြတ်စွာဘုရားရှင်၏ တရားတော်များကို လူတိုင်းလွယ်ကူရှင်းလင်းစွာဖြင့် ပုဂ္ဂိုလ်မရွေး၊ အဆင့်အတန်းမရွေး နားလည်သဘောပေါက်စေရေး ဟူသော ရည်ရွယ်ချက်ဖြင့် အားလုံးနှင့်အဆင်ပြေစေရန် ခေတ်ကာလာအခြေအနေသို့ လိုက်၍ ဘုရားဟောဓမ္မများကို ပိုမိုကျယ်ပြန်စွာ ဖြန့်ဝေပေးနေသည့် ဘာသာဟု မဟာယာနနိုင်ငံများက ဆိုကြပေမည်။ သို့သော် မဟာယာနဗုဒ္ဓဘာသာ၏ မျက်မှောက်ခေတ်အခြေအနေများကို ကြည့်ပါက အားလုံးနှင့်အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာကျင့်သုံးရာမှ မြတ်ဗုဒ္ဓ၏ မူရင်းဒေသနာတော်များမှာ မူရင်းအတိုင်း မရှိတော့ဘဲ တိမ်မြုတ်ပျောက်ကွယ် လာသည်ကို တွေ့ရပေ၏။ နိုင်ငံတစ်ခု၏ အခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာနေထိုင်ရာမှ ဘုရားဟောဓမ္မ အစစ်အမှန်များ တဖြည်းဖြည်း လွဲမှားလာသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မျက်မှောက်ခေတ် မဟာယာန နိုင်ငံအချို့တွင် ရဟန်းတော်များအတွက် နေလွဲညစား စားမှုသည် အထူးအဆန်း မဟုတ်တော့သည့်အပြင် အရက်သောက်၍ရသည့်ဂိုဏ်း၊ အိမ်ထောင်ပြု၍ရသည့် ဂိုဏ်းများအထိ ဂိုဏ်းများကွဲပြားလာခြင်းကြခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ နေရာဒေသတစ်ခုတွင် အဆင်ပြေစေရန် လိုက်နာကျင့်သုံးရာမှ၊ တစ်နည်းအားဖြင့် ဆိုရသော် ရောမရောက်ရင် ရောမလိုကျင့်သုံးရာမှ မူရင်းအစစ်အမှန်များ တိမ်မြုတ်ပျောက်ကွယ်ရခြင်း ဖြစ်သည်ဟု ယူဆရမည့် အချက်တစ်ချက်ပင် ဖြစ်၏။

စာရေးသူတို့ ယခုလက်ရှိရောက်နေသည့် နိုင်ငံတွင် စာရေးသူတို့၏ ကိုယ်တွေ့အရ အံ့သြစရာများနှင့် ကြုံတွေ့ခဲ့ရ၏။ ရောက်ရောက်ချင်း မဟာယာန ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရပြီး ထိုင်ပဲရှိခိုးရမလို လက်အုပ်ပဲချီပြီး အရိုအသေမျှ ပြုပေးရမလို အနေအထားနှင့် ကြုံတွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းတော်ကြီးသည် ဆံပင်အရှည်လူပုံစံ ဖြစ်နေပြီး အနားတွင်လည်း ထိုဘုန်းတော်ကြီး၏ ဇနီးမိန်းမပါ ရှိနေသောကြောင့်ဖြစ်၏။ ထိုအခြေအနေတွင် စာရေးသူတို့ မည်သို့လုပ်သင့်သနည်း။ ထေရ၀ါဒရှုထောင့်မှ ကြည့်လျှင် အလွန်လက်ခံရန် ခက်ခဲသည့်အနေအထား ဖြစ်နေ၏။ ထို့ကြောင့် ထိုအခိုက်မှာ ရှိမခိုးတော့ဘဲ လက်အုပ်ချီ၍သာ အရိုအသေပြုမိ၏။ ထို့အပြင် မဟာယာန ဘုန်းတော်ကြီးများနှင့် လူကြီးအချို့က ၎င်းတို့နိုင်ငံသည် အလွန်အေးသဖြင့် မြန်မာရဟန်းတော်များ၏ သင်္ကန်းတော်သည် အအေးဒဏ်ကို ခံနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ဝတ်သကဲ့သို့ မဟာယာနဘုန်းတော်ကြီး အ၀တ်အစားများကို ပြောင်းဝတ်သင့်ကြောင်း၊ အအေးဒဏ်ခံနိုင်ပြီး စာပေများပိုမိုလေ့လာနိုင်ရန် ညစာစားပြီး ၎င်းတို့နေသကဲ့သို့ သောက်စားနေသင့်ကြောင်း တစ်ယူသန်အစွဲမထားဘဲ ရောမရောက်ရင် ရောမလိုကျင့်သင့်ကြောင်း စသဖြင့် တိုက်တွန်းပြောဆိုကြ၏။ စာရေးသူတို့မှ ``ရောမရောက်ရင် ရောမလိုကျင့်သင့်သည် ဆိုသော်လည်း ကျင့်သင့်သည့်အရာ ကျင့်နိုင်သည့်အရာများကိုသာ ကျင့်နိုင်မည်ဖြစ်ကြောင်း ဘုရားဟော ဓမ္မများ၊ ၀ိနည်းသိက္ခာပုဒ်များနှင့် ဆန့်ကျင်သည့်အရာများကိုကား လိုက်နာပြီး မကျင့်နိုင်ကြောင်း`` ပြောဆိုလိုက်၏။ ထိုအတိုင်းပင် စာရေးသူတို့ကိုယ်တိုင် ရာသီဥတုဒဏ်ကို ခံနိုင်မည့်နည်းများဖြင့် ထေရ၀ါဒ ရဟန်းတော်အသွင်ကို မပျောက်စေဘဲ နေထိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ နေပြလိုက်ခြင်းကပင် ထေရ၀ါဒ၏စံ ထေရ၀ါဒအသွင်ကို ပိုမိုပေါ်လွင်စေခဲ့၏။ တစ်ယူသန်အစွဲ ထားခြင်းမဟုတ်ဘဲ အမှားအမှန်ကို ခွဲခြားကာ နေပြလိုက်ခြင်း ဖြစ်၏။ ရောမရောက်တိုင်း ရောမလို မကျင့်ဘဲ ကျင့်သင့်သည့်အရာ၊ ကျင်နိုင်သည့်အရာများကိုသာ ကျင့်ပြလိုက်ခြင်းဖြစ်၏။

ထို့အတူပင် နိုင်ငံရပ်ခြား အသီးသီးတွင် ရောက်နေကြသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည်လည်း စာရေးသူတို့ ကျင့်သုံးသကဲ့သို့ ကျင့်သုံးသင့်၏။ သူ့နိုင်ငံ သူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်သင့်သော်လည်း မိမိတို့ ကိုးကွယ်ယုံကြည်ထားသည့် ဘာသာတရား အဆုံးအမများနှင့် ဆန့်ကျင်သည့် ဓလေ့ထုံးစံများကိုကား မလိုက်နာ မကျင့်သုံးသင့်ပေ။ ၎င်းတို့အရက်ယဉ်ကျေးမှုကို လိုက်၍ မိမိတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ လုံအောင်ထိမ်းရမည့် သုရာမေရယဟူသော ကိုယ်ကျင့်သိက္ခာပုဒ်ကို ပယ်စွန့်သည်အထိ မလိုက်သင့်ပေ။ တစ်ခါသာအမုန်းခံပြီး မိမိတို့ဘာသာတရား အဆုံးအမအရ မသောက်သင့်ကြောင်း၊ မသောက်နိုင်ကြောင်း ပြောဆိုငြင်းပယ်လိုက်လျှင် မိမိတို့ကို အတင်းအဓမ္မ ရိုက်နှက်ချုပ်နှောင်ပြီး ပြုလုပ်ကြလိမ့်မည်ဟု မထင်ပေ။ ခဏတာ အဆင်ပြေမှုကို ကြည့်ပြီး ပစ္စုပ္ပန် သံသရာ နစ်မွန်းစေမည့် လုပ်ရပ်များကို မလုပ်သင့်ပေ။ မိမိတို့ လုပ်နိုင်သည့်အရာ၊ လုပ်ပေးသင့်သည့် အရာများကိုသာ လိုက်နာလုပ်ဆောင်သင့်ပေသည်။ အခိုက်အတံ့ပင် ဖြစ်သော်လည်း မကောင်းမှုဟူသည် အစမလုပ်မိခြင်းက ပိုကောင်း၏။ အစလုပ်မိပါက အဆုံးမရှိဖြစ်တတ်ပြီး နောက်ပိုင်းမလုပ် မနေနိုင်အောင် ဖြစ်တတ်သည်ကို အထူးဆင်ခြင်သင့်လှ၏။ အရက်သောက်ခြင်းမှမဟုတ် အခြားမည်သည့် အကုသိုလ်မျိုးမဆို မလုပ်ဘဲ နေသည်က အကောင်းဆုံးဖြစ်၏။

ထို့ကြောင့် ဤနေရာမှာ စာရေးသူ တိုက်တွန်းလိုသည်မှာ `ရောမရောက်ရင် ရောမလိုကျင့်`ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလို မကျင့်သင့်ဘဲ ကျင့်သင့်သည့်အရာ ကျင်နိုင်သည့်အရာများကိုသာ လိုက်နာကျင့်သုံးကြရန်၊ မိမိတို့၏ ကိုယ်ကျင့်သီလ ပျက်စေမည့် အရာများကိုကား သံသရာနှင့်ရင်းပြီး မကျင့်သုံးကြရန် နှင့် တစ်ဘ၀၊ တစ်ခဏကို မကြည့်ဘဲ သံသရာကိုကြည့်ပြီး လိုက်နာကျင့်သုံးကြရန်.. စသည် စသည်တို့ ဖြစ်ပါကြောင်;….

>>> ဘုန်းဘုန်းဝိစိတ္တ ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ…

လေးစားစွာဖြင့်
ဖိုးသား

3/4/2009, WED:, 9:27:48 PM
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Monday, 2 March 2009

*ဗုဒ္ဓတရားတော်များ-၅*


လေးစားစွာဖြင့်
ဖိုးသား !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

*ဗုဒ္ဓတရားတော်များ-၄*


လေးစားစွာဖြင့်
ဖိုးသား !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....
 
Bookmark and Share