*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Tuesday, 30 June 2009

*မေတ္တာနှလုံးသားဖြင့် မြန်မာပြည်သို့ အကူအညီပေးမည့် Metta World Foundation*

မေတ္တာ နှလုံးသားဖြင့် မြန်မာပြည်သို့ အကူအညီ ပေးမည့် စင်္ကာပူနိုင်ငံ အခြေစိုက် Metta World Foundation လူမှုကူညီရေး အသင်းကို (၂၈-၀၆-၂၀၀၉ ) တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့သည်၊ အထူးသဖြင့် လိုအပ်နေသော မိဘမဲ့ ဂေဟာများ ဘုန်းတော်ကြီးသင် ပညာသင် ကျောင်းများ ဆွံအ နားမကြား ကျောင်းများ ကျန်းမာရေး လိုအပ်ချက်များကို တတ်နိုင်သလောက် အကူအညီပေးရန် သဘောတူ ဆုံးဖြတ်ကြသည်။ ဤ Metta World Foundation အသင်းဝင် မန်ဘာများတွင်း ဘာသာရေး အငြင်းပွားမှု နိုင်ငံရေး ဆောင်ရွက်မှု ပုဂ္ဂိုလ်ရေးရာ လူမှုရေး စွက်ဖက်မှု စီးပွားရေး ပါဝင်လာမှုတို့ လုံးဝ မရှိစေရဘဲ ပရဟိတ သက်သက် စေတနာ မေတ္တာ အပြည့်ဖြင့် ချွေးနဲစာများကို ဂျူလိုင်လမှ စတင်ကာ မြန်မာပြည်သို့ လှူဒါန်းမည် ဖြစ်ပါသည်၊ ပရဟိတ စိတ်ပါဝင်စားသူ မည်သူမဆို ကမ္ဘာ့နိုင်ငံ ဘယ်နေရာ၌ နေနေ ပါဝင် ကူညီနိုင်ကြောင်းကိုလည်း အသိပေးအပ် ပါသည်။ ဒုက္ခ ရောက်နေသူ မပြည့်စုံသူ များကို တတ်နိုင်သလောက် အကူအညီ ပေးခြင်းဖြင့် လောက ကမ္ဘာ လှပရေး မေတ္တာကမ္ဘာ ပြန့်ပွား ရှင်သန်ရေးကို ဦးတည်၍ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါသည်။











မေတ္တာကမ္ဘာ ဖောင်ဒေးရှင်းသို့ ၀င်ရောက် လိုသူများ အနေဖြင့် မန်ဘာအဖြစ်ဖြင့် ဖြစ်စေ Volunteer စေတနာ့ ၀န်ထမ်း အဖြစ်ဖြင့်ဖြစ်စေ Adviser အနေဖြင့် ဖြစ်စေ ၀င်ရောက်နိုင်ပြီး မန်ဘာများ အနေဖြင့် အွန်လိုင်း ကွန်ဖရင့် အစည်းအဝေးသို့ အကြောင်း မရှိဘဲ မပျက်ကွက်ရ၊ လစဉ် မန်ဘာကြေး စင်္ကာပူဒေါ်လာ ၁၀-ဒေါ်လာ လှူဒါန်းရမည် ဖြစ်ပါသည်။ စိတ်ပါဝင်စား သူများ အောက်ပါ အီးမေးလ် ဖုန်းနံပါတ် များသို့ ဆက်သွယ်နိုင် ပါကြောင်း ၀မ်းမြောက်ဖွယ် အသိပေးအပ် ပါသည်။


အရှင်တိက္ခဉာဏာလင်္ကာရ ( President )
mail. bhikkhu.tikkhanana@gmail.com
rev.tikkha@yahoo.com
Ph. 94-71 36 00 9 88
65-8266 2972

ကိုမျိုးမင်းကျော် ( First Organizer )
mail. myominkyaw2008@gmail.com
ph. 65-9235 5291

ကိုဝေယာလင်း ( Discipline manager )
mail. waiyar@gmail.com
ph. 65-9295 0857

မအိမီကို ( Communicator )
mail. eimeko@gmail.com
ph. 65-9189 5772

+++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

30.06.2009, TUE:, 07:07:20 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Thursday, 25 June 2009

*အကျိုးမျှော်ကာ နှိုးဆော်ပါသည်*









အလှူအားလုံးမှာ သဘောတူရာ စုပေါင်းလိုက်ရင် ပစ္စည်းအလှူနဲ့ တရားအလှူ ဆိုပြီးတော့ အလှူနှစ်မျိုးပဲ ရှိပါတယ်။ ပစ္စည်း အလှူထက် တရားအလှူက ပိုမြတ်တဲ့ အတွက် အလှူအားလုံးထဲမှာ အမြတ်ဆုံး အလှူ ဖြစ်ပါတယ်။ လောကမှာ ရှိရှိသမျှ ပစ္စည်းအလှူ အားလုံးထဲမှာ သံဃိက ကျောင်းအလှူဟာ အနှိုင်းမဲ့ အလှူဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သံဃိက ကျောင်းအလှူ ထက်ပိုပြီး အလှူခံ ပုဂ္ဂိုလ်ကို အကျိုးကြီး စေပါတယ်။ အလှူပေး ပုဂ္ဂိုလ်ကိုလည်း ကုသိုလ်တိုး စေပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက နတ်သားတစ်ပါးက ၁။ဘယ်အရာကို ပေးလှူတဲ့ သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါသလဲ။ ၂။ဘယ်အရာ ကိုပေးလှူ တဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါသလဲ။ ၃။ဘယ်အရာကို ပေးလှူတဲ့ သူဟာ သုခကို ပေးလှူရာ ရောက်ပါသလဲ၊ ၄။ဘယ်အရာကို ပေးလှူတဲ့သူဟာ မျက်စိအ မြင်ဓာတ်ကို ပေးလှူရာ ရောက်ပါသလဲ။ ၅။ဘယ်အရာကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာကို ပေးလှူရာ ရောက်ပါသလဲ လို့ မြတ်စွာဘုရားကို လျှောက်တော့

၁။အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါတယ်။ ၂။အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါတယ်။ ၃။ဆီမီးအ လင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင် ဓာတ်ကို ပေးလှူရာ ရောက်ပါတယ်။ ၄။စီးစရာယာဉ်ကို ပေးလှူတဲ့သူဟာ ခရီးသွား လာတဲ့အခါ ချမ်းသာ သုခ ပေးသလို ၊ ၅။ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာ အားလုံးကို ပေးလှူရာ ရောက်ပါတယ်လို့ ဖြေကြားတော် မူခဲ့ပါတယ်။

အဲဒီထဲက ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်းစတဲ့ အဆောက်အအုံ အလှူကတော့ အလှူခံ ပုဂ္ဂိုလ်ကို ခွန်အားလည်း ပြည့်ဖြိုးစေသလို ရုပ်အဆင်းလည်း လှပတင့်တယ် စေပါတယ်။ ချမ်းသာသုခလည်း ဖြစ်ပွားစေသလို မျက်စိအမြင် ဓာတ်လည်း အားကောင်းစေပါတယ်။ ရှေ့အလှူ လေးမျိုးကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးလေးမျိုးကို အလှူတစ်မျိုးတည်းနဲ့ ရရှိစေနိုင်တာ ကျောင်းအလှူပါ။

ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားရှင်က ပုထုဇဉ်လူသား ထောင်သောင်းများစွာကို ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင် ၊ ငွေခွက်ပေါင်း ရှစ်သောင်းလေးထောင် စသည့် တန်ဖိုးရှိ အဆင့်မြင့် ပစ္စည်း စားကောင်း သောက်ဖွယ်တွေနဲ့ လှူဒါန်းရတဲ့ အလှူဒါနကြီးထက် သောတာပန် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သောတာပန် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် သကဒါဂါမ် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သကဒါဂါမ် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် ရဟန္တာ တစ်ပါးကို ၊ ရဟန္တာအပါး တစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ၊ ပစ္စေက ဗုဒ္ဓါအပါး တစ်ရာထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ဆွမ်းဆပ်ကပ် ရတာက ပိုမြတ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူ ကိုဆွမ်းတစ်နပ် ကပ်ရတဲ့ အလှူထက် ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်ရတဲ့ အလှူက ပိုပြီးအကျိုး ကြီးစေပါတယ်။ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်ရတဲ့ အလှူထက် အရပ်လေး မျက်နှာမှ လာသော သံဃာတော် အပေါင်းကို ရည်စူးပြီး ကျောင်းဆောက်လှူ ရတဲ့အလှူက ပိုပြီးအကျိုး ကြီးပါတယ်။

ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့တဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာ မောဂ္ဂလာန် ကစလို့ အတိတ် ၊ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးမှာ ရှိနေပြီး ရှိနေဆဲ ရှိလာလတ္တံ့သော အရိယာ သံဃာတော် များအားလုံး ၊ ပုထုဇဉ် သံဃာတော်များ အားလုံးဟာ အလှူခံ ပုဂ္ဂိုလ်တွေ ချည်းပါပဲ။ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို ရည်စူးတဲ့ ပုဂ္ဂလိက အလှူထက် ရဟန်းသံဃာ အားလုံးကို ရည်စူးတဲ့ သံဃိက အလှူက အလှူခံပို မြင့်မြတ်ပြီး ပိုအကျိုးကြီးတဲ့ အတွက်ကြောင့် အလှူခံ ရဟန်းသံဃာ တော်တွေကို ပစ္စည်းလေးပါး ထင်ရှားကျော်ကြားမှု ပရိယတ္တိ ဗဟုသုတ ဈာန် အဘိညာဉ် ၀ိပဿနာဥာဏ် မဂ်ဖိုလ်နိဗ္ဗာန် စတဲ့ လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာအားလုံး လှူလိုက်ရာရောက်တဲ့ အတွက်ကြောင့် အမြတ်ဆုံး အလှူလို့ ခေါ်ပါတယ်။ ဒါကအလှူခံ ရှုထောင့်ဘက်က ကြည့်တာပါ။

တစ်ခါ အလှူပေး ပုဂ္ဂိုလ်ဘက် ရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ့်ကျောင်းအလှူကို ကိုယ်သတိရတိုင်း ကိုယ့်လှူဖွယ် ၀တ္ထုက လောလောဆယ်မှာတင် ထင်ရှားရှိ နေတာမို့ အခြားအလှူထက် မတူတဲ့ ကုသိုလ်စေတနာ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် ထပ်ထပ်တိုး နေတဲ့အတွက် အမြတ်ဆုံး အလှူဖြစ်နေ ပြန်ပါတယ်။

ကျောင်းအလှူက မြေကြီးထဲမှာ အခိုင်အမာ စိုက်ထူထားတာမို့ အချိန်ကြာမြင့်စွာ မြဲမြံတည်တံ နိုင်ပါတယ်။ ကိုယ်ဘယ်အချိန်ဘဲ သတိရ သတိရ သတိရလိုက်တဲ့ အချိန်တိုင်းမှာ ကိုယ်လှူထားတဲ့ ကျောင်းတည်းဟူသော လှူဖွယ်ဝတ္ထုက လောလောဆယ် ထင်ရှားရှိနေတဲ့အတွက် ကျောင်းအလှူ လှူပါတယ်၊ ကျောင်းအသုံး ပြုနေတဲ့ ပုဂ္ဂိုလ် အားလုံးအစစ အရာရာ အဆင်ပြေ ကြပါစေ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိကြပါစေလို့ ထပ်တလဲလဲ နှလုံးသွင်း ရင်းကုသိုလ် စေသနာ အသစ်အသစ်တွေ ကုသိုလ်ပီတိ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် တိုးပွားလာ နိုင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းလှူတာထက် မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်း ဖြစ်တဲ့ ကျောင်းအလှူကို ထာဝရ ဒါန ခိုင်မြဲတဲ့ အလှူ လို့ခေါ်ပါတယ်။

အကျိုးပေး ခိုင်ချင်ရင် အကြောင်းကံ ခိုင်ဖို့ လိုအပ်ပါတယ်။ ကျောင်းအလှူဟာ ခိုင်တဲ့ပစ္စည်း လှူတာမို့ အကြောင်းကံ ခိုင်တဲ့အလှူပါ၊ အလှူခိုင်မှတော့ ဘ၀ခိုင်ပြီပေါ့။ ဘ၀ခိုင် ချင်သူတိုင်း အလှူခိုင်အောင် ကြိုးစားကြ
ရပါမယ်။ အလှူခိုင် ဖို့ကတော့ ကျောင်းဆောက်လှူ ရုံပါပဲ။

ဝိပဿီ ဘုရားရှင် လက်ထက်တုန်းက ဗန္ဓုမတီမြို့က ကိုနေဇာ ဆိုတဲ့ ဆင်းရဲသားလေးဟာ ကျောင်းအလှူကို ပေးလှူပြီး ဘ၀ဆက်တိုင်း ကုသိုလ်အသစ်အသစ်တွေ ထပ်နေတဲ့အတွက် ကိုးဆယ့်တစ်ကမ္ဘာ လုံးလုံးချမ်းသာသုခ ခံစားပြီး နောက်ဆုံးဘ၀ ဂေါတမ မြတ်စွာဘုရားရှင် လက်ထပ်ရောက်မှ ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊အဘိညာဉ် ခြောက်ပါးနဲ့တကွ ရဟန္တာဖြစ်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းပြီး နိဗ္ဗာန် ၀င်သွားခဲ့ပါတယ်။ ဒါက မရှိလို့မလှူ ၊ မလှူလို့မရှိ ဆိုတဲ့ စကားကို ပယ်သတ်ပြီး လူမင်းစည်းစိမ် အကြိမ်ကြိမ်၊ နတ်မင်းစည်းစိမ် ခဏခဏ ဆိုတဲ့ ထူးခြားဆန်းကျယ်တဲ့ အကျိုးတွေရဲ့ ရလာဒ်တွေပါ။

ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကို နေရာကောင်း တစ်ခုရအောင် ဖန်တီးပေးတာ ဖြစ်လို့ တုံပြန်မှု နိယာမ သဘောအရ ကိုယ့်ဘ၀မှာလည်း နေရာကောင်း တွေနဲ့ချည်း တွေ့ကြုံဆုံ စည်းရမှာ မလွဲပါဘူး။ ဘယ်လောက်ထိ လဲဆိုရင် အမိဝမ်း အတွင်းမှာ ပဋိသန္ဓေ နေတဲ့အခါ သူတကာတွေလို ကျဉ်းကျဉ်းကျုတ်ကျုတ် မနေရဘဲ ဆယ့်နှစ်တောင် တိုက်ခန်းထဲမှာ နေရသလို ချောင်ချောင်ချိချိ သက်တောင့်သက်သာ နေရပါသတဲ့။ ဇာတိဒုက္ခကို လျော့ပါးသက် သာစေတာ ကျောင်းအလှူ တစ်ခုတည်း ရှိပါတယ်။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်တဲ့ မြတ်စွာဘုရားရှင်က သံဃိကကျောင်း အလှူဟာ အနှိုင်းမဲ့ အလှူဖြစ်တယ်လို့ ၀ိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြ ထားတာမို့ ဘုန်းကြီးအတွက် ကျောင်းဆောက်တာ မဟုတ်ဘဲ သာသနာအတွက် ကျောင်းဆောက်နေ တဲ့အတွက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနဲ့ မြန်မာရဟန်းတော်များ အနေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင်ရင်း မိမိစွမ်းနိုင်ရင် မိမိကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင် မစွမ်းနိုင်ရင် စွမ်းနိုင်လို့ လုပ်နေသူတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးရင်း တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင် နိုင်ကြပါစေရန် နှင့် သဒ္ဓါတရား ရှိသူတိုင်း သံဃိက ကျောင်းအလှူ ဆိုတဲ့ အနှိုင်းမဲ့ အလှူကို စွမ်းအား ရှိသမျှ လှူဒါန်း နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အကယ်၍ သဒ္ဒါတက်အား နည်းများမဆို ပါဝင်လှူဒါန်း လိုပါက အောက်ပါ ပုဂ္ဂိုလ်များ ထံသို့တိုက်ရိုက် ဆက်သွယ် လှူဒါန်း နိုင်ပါတယ်။

၁။ ဘဒ္ဒန္တဣန္ဒစက္က ပဓာန နာယက ဆရာတော် ငါရဟိုး ကျေးရွာ မဟာဒက္ခိဏာရုံ ကျောင်းတိုက်
ဖုန်း-၀၉ ၆၄၆၀၄၁၆ , ၀၉ ၂၁၁၀၁၄၀

၂။ဘဒ္ဒန္တအာစိဏ္ဏ ၊ မိဂဒါရုံ ကျောင်းဆရာတော်၊ အောင်သစ်လွင်ရပ် မိုးကုတ်မြို့။
ဖုန်း- ၀၉၆၉၇၀၆၇၉

၃။ဘဒ္ဒန္တနာယကာလင်္ကာရ ၊ သီတဂူ ဓမ္မ၀ိဟာရ ကျောင်းဆရာတော် မီနီဆိုးတားပြည်နယ်၊ အမေရိကန် နိုင်ငံ ဖုန်း- ၆၅၁-၇၉၇-၃၃၁၁။ ၉၅၂-၄၅၂ ၀၀၉၄

၎။ဘဒ္ဒန္တသာရိန္ဒ သာသနဓဇဓမ္မာစရိယ စန်းသုခ ဆရာတော် မဟာမြိုင်ကျောင်းတိုက် မန္တလေးမြို့
ဖုန်း-၀၂-၆၂၂၆၆

၅။ ဘဒ္ဒန္တသြသဓ၊ဘဒ္ဒန္တတေဇ၀န္တ ဦးရှင်ကျောင်းဆောင် မဟာဂန္ဓာရုံ ကျောင်းတိုက် အမရပူရမြို့
ဖုန်း-၀၂-၇၀၄၆၄

၆။ဦးညီညီဇော်-ဒေါ်မိုးမိုးသဲ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖုန်း-၀၈၁-၃၀၈-၇၂၁၈

၇။ ဦးဇော်မင်း-ဒေါ်သီသီနွယ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ဖုန်း-၀၈၅-၁၆၃၈၇၄၁

၈။ ဦးမြင့်အောင်-ဒေါ်ကြိုင်(ကထိက)နည်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၀၀၉၅၉၂၊ ၀၉-၅၀၁၈၁၁၇

၉။ ဦးခင်မောင်ဌေး-ဒေါ်စမ်းစမ်းအေး နယ်စပ်စည်ပင် -ဖုန်း-၀၉၅၁၂၇၉၃၄

၁၀။ ဦးမြင့်ဦး-ဒေါ်သောင်းမြိုင် ရန်ကုန်မြို့ ဖုန်း-၀၁-၅၉၀၄၀၇

၁၁။ ဦးဝင်းညွှန့်-ဒေါ်ချိုမာ ယုဇနဥယျာဉ်မြို့တော် ရန်ကုန်မြို့

ဘဒ္ဒန္တနာယကာ လင်္ကာရ၊ သီတဂူ ဓမ္မ၀ိဟာရကျောင်းမှ ဆရာတော်ဧ။် မိန့်မှာချက်အရ သဒ္ဒါကြည်လင် ဘလောကာ အစ်ကို၊အစ်မ တို့နှင့်တကွ စာချစ်သူ ဓမ္မမိတ်ဆွေများလည်း ကုသိုလ်အလှူ ပါဝင်ယူနိုင် ကြစေရန် ရည်သန်၍ သတင်းကောင်းလေး ပေးအပ်ပါတယ်။

(ဆရာတော် အရှင်ဆန္ဒာဓိက၏ အနှိုင်းမဲ့အလှူ စာအုပ်မှ ကိုးကားရည်ညွှန်းပါတယ်။)



!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Monday, 22 June 2009

*ခရီးအတွက် မြေပုံ (ဆရာတော် ဦးဇောတိက)*



ဓမ္မမောင်နှမတို့ ရေ

ဒီရက်ပိုင်းထဲ ကျွန်တော် ဖတ်လက်စ တန်းလန်းနှင့် နှစ်ချီကြာနေတဲ့ စာအုပ် တစ်အုပ်ကို လက်စသပ်ပြီး ပြီးအောင် ဖတ်ဖြစ်ခဲ့လိုက် ပါတယ်။ စာအုပ်ကတော့ ဆရာတော် ဦးဇောတိက ရေးထားတဲ့ "A Map Of The Journey" ဆိုတဲ့ စာအုပ်ပါ။ စာအုပ်က မြန်မာပြည်မှာ ကတည်းက ဝယ်ပြီး လက်ထဲမှာ ရောက်နေတာ နှစ်နှစ်လောက် ရှိနေပါပြီ။ အကြောင်း အမျိုးမျိုးနှင့် ပြီးအောင် မဖတ်နိုင်ခဲ့ တာပါ။ နဲနဲဖတ်လိုက် ရပ်လိုက်။ တစ်လ နှစ်လ လောက်ကြာမှ တစ်ခါ ပြန်ကိုင်လိုက်၊ မေ့သွားလို့ အစကနေ ပြန်ဖတ်လိုက်၊ နောက် မအားတော့လို့ မဖတ်ဖြစ်လိုက်နှင့် သံသရာ လည်နေတာပါ။ ခရီးသွားတိုင်းတော့ အမြဲ သယ်သွားပါတယ်။ အားရင် ဖတ်မယ် ဆိုပြီးတော့။ ဒီလိုနှင့်ပဲ စာအုပ်က ပြည်ပ ရောက်တဲ့အထိ ပါလာတာပါ။

ဆရာတော်ရဲ့ အရင်စာအုပ် "Snow In The Summer" တုန်းကတော့ ဆက်တိုက် ပြီးအောင် ဖတ်ဖြစ်ခဲ့ ပါတယ်။ အခု ရက်ပိုင်းထဲမှာ ပါဠိနှင့် တရားစာပေကို အင်္ဂလိပ်လို အသုံးလေးတွေ လေ့လာချင်တာနှင့် ဒီတစ်ခါတော့ ပြီးအောင် ဖတ်မယ်လို့ ဆုံးဖြတ်ပြီး အလုပ်သွား အလုပ်ပြန် ရထားပေါ်မှာ ဖတ်လိုက်တာ သုံးပတ်လောက် အချိန် ပေးလိုက်တော့ ပြီးသွားပါတယ်။ အခု အဲဒီစာအုပ်နှင့် ပတ်သတ်ပြီး မဖတ်ရသေးတဲ့ သူတွေအတွက် စာအုပ် မိတ်ဆက် (သို့) စာအုပ် အညွှန်းလေး လက်ဆင့်ကမ်း ပေးချင်လို့ပါ။

စာအုပ်က နိုင်ငံခြားက တရားစခန်း တစ်ခုမှာ ယောဂီတွေ အတွက် ဟောထားတဲ့ တရားကို စာအုပ် အနေနှင့် ပြန်ရေးထား တာပါ။ အဓိက ကတော့ ဉာဏ်စဉ် တရားကို ဟောထားတာ ပါပဲ။ အားလုံး အခန်း(၁၁) ခန်း ပါဝင်ပြီး အခန်း တွေကို Talk (1) ကနေ Talk (11) အထိ ခွဲထားပါတယ်။

ပထမ အခန်းတွေမှာ တရားစ အားမထုတ်မီ မိမိကိုယ်ကို ကြိုတင် ပြင်ဆင်မှု ပြုလုပ်ပုံကို ဖော်ပြထား ပါတယ်။ ပြီးမှ တရား စအားထုတ်ပြီး သမာဓိ ထူထောင်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးထား ပါတယ်။ သမာဓိကြောင့် ဖြစ်တတ်တဲ့ ထူးခြား ဖြစ်စဉ်များ အကြောင်းနှင့် ၄င်းတို့ကို ဖြတ်သန်း ကျော်လွှားပုံတွေ ကိုလည်း ရှင်းလင်း ထားပါတယ်။ နောက် အခန်းတွေ မှာတော့ ၀ိပဿနာ စတင် အားထုတ်ပုံ၊ ပညတ် ပရမတ်ခွဲပုံ၊ နောက် နာမရူပ ပရိစ္ဆေဒ ဉာဏ်ကနေပြီး ပစ္စဝေက္ခဏ ဉာဏ်အထိ ဉာဏ်စဉ် (၁၆)ပါးလုံးကို တစ်ဉာဏ်ချင်းစီ အသေးစိတ် ကွဲပြားမှု ရှိအောင် ရှင်းလင်းပေးထား ပါတယ်။

ဒီနေရာမှာ အခုစာအုပ်ရဲ့ ထူးခြားမှု လေးကိုတော့ ပြောချင်ပါတယ်။ ဉာဏ်စဉ် တရားတော်တွေ အကြောင်းကို ဆရာတော် ဘုရားကြီးများနှင့် ဓမ္မစာပေ ပညာရှင်များ ရေးသားထား၊ ဟောပြပေးထား တာတွေ ရှိပါတယ်။ အခု စာအုပ်မှာက ဆရာတော်က ဉာဏ်စဉ်တွေရဲ့ သဘော၊ သဘာဝ လက္ခဏာ တွေကို မိမိရဲ့ ကိုယ်တွေ့ တရားအတွေ့ အကြုံများနှင့် ယှဉ်ပြီး ဖော်ပြပေးထား တာကို တွေ့ရပါတယ်။ နောက်ပြီး ဒီဉာဏ်တစ်ခု ဖြစ်ခိုက်မှာ လောကီ လူမှုကိစ္စ တွေမှာ ဘယ်လိုမျိုး ယောဂီတစ်ဦး အနေနှင့် ဖြစ်တတ်ကြောင်း သတိပြုရမယ့် အချက်တွေ ဆင်ခြင်ရမယ့် အချက်တွေကို ဓမ္မ ဗဟုသုတ ဖြစ်ဖွယ် ဖော်ပြပေးထား ပါတယ်။

ဉာဏ်စဉ်များ အပြီးမှာတော့ သောတာပန် တစ်ယောက်ရဲ့  စိတ် အခြေအနေ၊ ကိုယ်ကျင့်တရား၊ တရားအပေါ် နားလည် ယုံကြည်ပုံ တွေကို ရှင်းပြထား ပါတယ်။ အရိယာ အဆင့်အလိုက် ကိလေသာ ပယ်သတ်မှု အဆင့်ဆင့် ကိုလည်း ဖော်ပြပေးထား ပါတယ်။ နောက် ဆက်လက်ပြီး ရပြီးသား သောတာပတ္တိ ဖိုလ်ကို ၀င်စားပုံ နည်းလမ်းနှင့် ဖြစ်တတ်တဲ့ အခက်အခဲ များကို ဖော်ပြထား ပါတယ်။ နောက် အထက် မဂ်ဖိုလ် တရားများကို ဆက်လက် အားထုတ်ဖို့ရန် အတွက် ပြင်ဆင်ပုံနှင့် အားထုတ်ပုံ ကိုလည်း ဖော်ပြပေးထား ပါတယ်။

နောက်ဆုံး မှာတော့ တရား အားထုတ်နေစဉ် ဖြစ်တတ်တဲ့ အခက်အခဲများ အတွက် စိတ်ထားတတ်ရန်နှင့် နည်းလမ်း မှန်မှန် အားထုတ်နိုင်ရန် ဟောပေးထား ပါတယ်။

စာအုပ် တစ်အုပ်လုံး ကတော့ ဆရာတော့် ရေးဟန်အတိုင်း စာမဆန်ဘဲ ပေါ့ပေါ့ပါးပါး ဖတ်လို့ရတဲ့ ဓမ္မစာပေ အရေးအသား ဟောပြော ပို့ချချက်များ ဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ် ကို အခြေခံပြီး ရေးသား ဟောပြထားတာ ဖြစ်ပါတယ်။

လက်ရှိ တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်များနှင့် တရား အားထုတ်ဖို့ ပြင်ဆင်နေတဲ့ သူများအတွက် သဒ္ဓါတရား တက်ပြီး အသိဉာဏ် ပွင့်စေတဲ့ စာအုပ် တစ်အုပ်လို့ ပြောလို့ ရပါတယ်။ ဘယ်နည်းနှင့်ပဲ အားထုတ်သူ ဖြစ်ဖြစ် ဒီခရီးကို လူတိုင်း ဖြတ်သန်းရမှာ ဖြစ်လို့ ဘယ်ယောဂီ အတွက်ပဲ ဖြစ်ဖြစ် အသုံးတည့်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ ဆရာတော်က သူ့ရဲ့ ကိုယ်တွေ့ တရား အတွေ့အကြုံ တွေနှင့် ပေါင်းပြီး ဟောထားတာမို့ တကယ်လို့ ဆရာတော်နှင့် စရိုက်ဝါသနာ တူပြီး အားထုတ်ပုံ နည်းလမ်း တူသူတွေ အတွက်
ဆိုရင်တော့ တိုက်ဆိုင်တာတွေ အများကြီးနှင့် တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို အွန်လိုင်းမှာ ဒီနေရာကနေ http://www.buddhanet.net/pdf_file/mapjourney6.pdf Download ဆွဲချလို့ ရပါတယ်။ ကိုစိုးဝင်းထွဋ် ရဲ့ (http://soewinhtut.multiply.com/journal/item/12/Map_of_The_Journey_ebook_English_Languagehttp://www.buddhanet.net/pdf_file/mapjourney6.pdf) ကနေလည်း ယူလို့ ရပါတယ်။ MP3 အနေနှင့် နာချင်ရင်တော့ အောက်က လင့်ခ်တွေကနေ Download ဆွဲချပြီး နာလို့ ရပါတယ် ခင်ဗျား။

1: A Map of the Journey - day 1

2: A Map of the Journey - day 2

3: A Map of the Journey - day 3

4: A Map of the Journey - day 4

5: A Map of the Journey - day 5

6: A Map of the Journey - day 6

7: A Map of the Journey - day 7

8: A Map of the Journey - day 8

9: A Map of the Journey - day 9

10: A Map of the Journey - day 10

11: A Map of the Journey - day 11


ကျွန်တော်ကတော့ ဓမ္မဒါနအဖြစ် လက်ဆင့် ကမ်းလိုက်ပါပြီ။ ဓမ္မ မောင်နှမတို့က တကယ်လို့ ဖတ်ရှု နာယူကြည့်လို့ မိမိအတွက် အကျိုးတစ်ခုခု ဖြစ်ထွန်းခဲ့ရင် ကိုယ်ခင်မင်တဲ့ သူများကို ဆက်လက်ပြီး လက်ဆင့်ကမ်း ပေးလိုက် ပါအုံးလို့ ဆန္ဒပြု တိုက်တွန်း လိုက်ရပါတယ် ခင်ဗျား။

လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

+++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

22.06.2009, MON:, 02:51:59 PM

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Thursday, 18 June 2009

*သာသနာ့ရေသောက်မြစ်တွေကို ရေသွန်းလောင်းကြပါဦး*



ညီမရေ . . .
ဒီတစ်ခေါက်တော့ အရင်က စကားအဖြစ်နဲ့ ပြောဖြစ်ပေမယ့် အသေအချာ မဆွေးနွေး ဖြစ်သေးတဲ့ အကြောင်းအရာ တစ်ခုကို ပြောဖြစ်လိမ့်မယ် ထင်ပါရဲ့။ မကြာသေးမီက ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့  ကလေး တစ်မြို့ကို ခရီးထွက်ဖြစ် ပါတယ်။ အဲ ဒီမြို့ကလေး ကနေ နေ့ဝက် ခရီးသာသာမှာ ရှိတဲ့ ရွာကလေး တစ်ရွာ ကိုလည်း အရောက် သွားခဲ့ရ ပါတယ်။ ရွာက တော်တော်ကလေး အိမ်ခြေ များပါတယ်။ ရွာဦးမတော့ ကိုးတောင်ပြည့် စေတီကြီးနဲ့ ရေကန်ကြီး တစ်ကန်လည်း မြင်လိုက်ပါရဲ့။ ပြီးတော့ ရွာဦးကျောင်းကြီး ကလည်း ဟည်းလို့ပေါ့။ ရွာကို လေ့လာရေးလာတာ မဟုတ်လေတော့ ကိုယ်ရေးကိုယ်တာ ကိစ္စကိုပဲ ပထမ ဦးတည် လုပ်ရတာပေါ့။ ပြီးလို့ အချိန်နည်းနည်း ရရင်တော့ ရွာဦး စေတီကြီးနဲ့ ဘုန်းကြီး ကျောင်းကြီးကို သွားမယ်လို့ စိတ်ကူးထားလိုက် မိတယ်။ ကိစ္စ စောစောပြီးတာနဲ့ ရွာခံနဲ့ သာရေးနာရေး စကားပြောမိမှပဲ ဒီဇာတ်လမ်းက စဖြစ်တော့တယ်။

ညီမရေ . . .
ဒီရွာမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တာ ဆယ်အိမ်တောင် မပြည့်ရှာတော့ ဘူးတဲ့။ ပြီးတော့ အဲဒီ ဘုရား၊ ကျောင်းကန်ဟာ ဆရာ ဒကာနဲ့ မစည်ကားခဲ့တာ ဆယ်စုနှစ် နှစ်စုလောက်တောင် ရှိပြီ ဆိုပါလား။ ဒီကျောင်းကြီး မှာလည်း ကျောင်းထိုင် ဆရာတော်အဖြစ် တောထွက် ရဟန်းကြီး တစ်ပါးသာ ရှိတော့သတဲ့။ ကိုးတောင်ပြည့် စေတီတော် ကြီးလည်း ထုံးသင်္ကန်း ကပ်သူဝေးလို့ ဆီမီး ရေချမ်းတောင် အပူဇော် မခံရတာ တော်တော့်ကို ကြာခဲ့ပါပြီလို့ ရွာခံ ဗုဒ္ဓဘာသာဝင် တစ်ဦးက ၀မ်းပန်းတနည်း ပြောရှာပါရဲ့။

ညီမရေ . . .
အနားကြည်လို့ အလယ်နောက် တဲ့ ကောသလ္လ အိပ်မက်ကတော့ အဲဒီ နေရာမှာ မှန်လိုက်လေလို့ ပြောရတော့ မှာပဲ။ တို့ ဗုဒ္ဓဘာသာ ၀င်တွေ အင်္ဂလန်တို့ ဘာမင်ဂန်တို့ ပြင်သစ်တို့ အမေရိကန်တို့ မွန်ဘိုင်းတို့မှာ ရှိရှိသမျှ ဓနအင်အားတွေ ပုံအောပြီး သာသနာ အထွတ်တင် လုပ်ငန်းကြီးတွေ လုပ်နေကြ ပေမယ့် တို့မြန်မာနိုင်ငံ ထဲမှာတော့ သာသနာ့ ရေသောက်မြစ်တွေ ခမ်းခြောက်ကုန်ကြ ပါရော့လား။

ညီမရေ . .
ဒီကနေ့ သာသနာတော်မှာ ဆရာအဖြစ် အားထားရမယ့် ဘုရားရှင်ရဲ့ သားရဟန်းတော် တွေကို ဘယ်နေရာ ကများ ပေါ်ထွက် လာကြပါလိမ့်။ ဘယ် နေရာကများ မွေးထုတ် ပေးလိုက်ကြတာ ပါလိမ့်။ ခပ်ရှင်းရှင်း မထောက်မညှာ ပြောရရင် ကျေးလက် တောနယ်တွေကပဲ မဟုတ်လား။ ရန်ကုန်လို မြို့ကြီး ပြကြီးကနေ သာသနာ့ ၀န်ထမ်း ရှင်ရဟန်းတွေ ဘယ်လောက်များ မွေးထုတ်ပေးနိုင် ခဲ့သလဲ စဉ်းတော့ စဉ်းစားစရာပါ ညီမရေ။ ဟုတ်ပါရဲ့… မြို့ကြီးပြကြီးနဲ့ မနီးတဲ့ ကျေးလက် တောနယ်တွေ ကနေ တို့ ဗုဒ္ဓဘာသာ ၀င်တွေအတွက် ဆရာ ဖြစ်လာမယ့် ရဟန်း အလောင်းအလျာ သာသနာ့ အာဇာနည် တွေကို ရွာဦးကျောင်း အသီးသီး ကနေ ဥပဇ္ဈာယ် ဆရာတွေ ကနေ မွေးထုတ် ပေးလိုက်ကြတာ မဟုတ်လား။ အဲဒီကနေ မြို့ကြီးပြကြီးက စာသင်တိုက်တွေ ရောက်လာ။ အလတ်တန်း အကြီးတန်းတွေ အဆင့်ဆင့်အောင်၊ စာချ ဆရာတော်တွေ ဖြစ်လာ။ နောက် ဓမ္မာစရိယ အောင်ပန်းကို လက်လှမ်း နိုင်ခဲ့ကြတယ် ဒီလို မဟုတ်လား။ အခုတော့ သာသနာ့ အညွန့်အဖူးကို မွေးထုတ်မယ့် ကျေးလက်က ကျောင်းကန် ဇရပ်မှာ ကျီးနဲ့ဘုတ် ဖြစ်နေတဲ့ အပြင် သြကာသ ကန်တော့ချိုးကို ဖြောင့်အောင် မရွတ်နိုင်ရှာတဲ့ ဒကာတွေနဲ့ မယားသေ သားကွဲ စီးပွားပျက်လို့ ရဟန်းဘောင် တက်လာတဲ့ တောထွက်ကြီးတွေ ကလည်း ရှစ်ပါး သီလတောင် အနိုင်နိုင် ဆိုတော့ ဒီရွာနဲ့ ဒီသာသနာဟာ ရေရှည်မှာ ရင်လေးစရာပါ ညီမရေ…။

နိုင်ငံတော် သံဃာ့ဝန်ဆောင် ဆရာတော် တစ်ပါးကတော့ မိန့်ဖူးပါရဲ့။ ကျေးလက်ကို အခြေခံထားတဲ့ ဒီသာသနာမှာ သာသနာရဲ့ ရေသောက်မြစ် ဖြစ်တဲ့ ကျေးလက် ဒေသမှာ သာသနာ့ ရေသောက်မြစ်တွေ ခမ်းခြောက် နေတာဟာ အချိန်မီ ကုစားရမယ့် အရေးအကြီးဆုံး အလုပ်လို့ မိန့်ပါတယ်။ ကျေးလက် ဒေသ ကနေ သာမဏေ ဘ၀ကစလို့ ဓမ္မာစရိယ အဖြစ် အဆင့်ဆင့် တက်လှမ်းလာ ခဲ့တဲ့ ဆရာတော်တွေ ထဲက ဘယ်နှစ်ပါးများ ကျေးလက်ဒေသ ကိုယ့်မြေ ကိုယ့်ရေမှာ သာသနာ့ဝန် ထမ်းဖို့ စိတ်ကူးခဲ့ကြ ဖူးပါသလဲ။ ကိုယ့်လို ဓမ္မာစရိယ ဆရာတော်တွေ ကိုယ့်မြေမှာ ထွက်ပေါ်ဖို့ စိတ်များ ကူးမိကြပါ လေစလို့ ဆရာတော်က မေးခွန်း ထုတ်ခဲ့ဖူးပါတယ် ညီမရယ်။

ညီမရေ . . .
အဲသလို ကျေးလက် တောရွာမှာ ရှစ်ပါးသီလ ဖြောင့်အောင် မပေးတတ်တဲ့ တောထွက် ရဟန်းကြီးတွေ ရှိနေသေးတာ ကိုပဲ ကြံဖန် ကျေးဇူး တင်ရမယ်လို့ တက္ကသိုလ်က ကထိက ဆရာ တစ်ယောက်က ပြောခဲ့တယ်ကွဲ့။ ဘုရား ကျောင်းကန်မှာ ရဟန်းတော်တွေ တစ်ပါးမှ မရှိတော့တဲ့ အဖြစ်တွေ ဖြစ်နေကြရလို့ ပါတဲ့။ ရန်ကုန်မြို့နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဥက္ကံမြို့ ဘုရားကြီးတိုက် ဘုရားကြီးဂိုဏ်း ဂိုဏ်းအုပ် ဆရာတော်ကြီး တစ်ပါးကတော့ ဘုရားကြီးဂိုဏ်း ဓမ္မစက်ရောက်တဲ့ ကျေးရွာ သုံးဆယ် ကျော်ကျော်မှာ အနည်းဆုံး ဆယ့်ငါးရွာ လောက်မှာ ကျောင်းထိုင် ဘုန်းကြီး မရှိတဲ့ ပြဿနာကို ကျောင်းထိုင် ဘုန်းကြီး ရှာရတဲ့ဒုက္ခက မသေးဘူးလို့ မိန့်တော်မူ ပြန်တယ်။ ကျောင်းထိုင် ဘုန်းကြီး ရပြန်တော့လည်း စောစောက ရေးပြခဲ့သလို တောထွက် ကြီးတွေ နဲ့ပဲ တ၀ဲဝဲလည်ရ ပြန်တာတဲ့ကွယ်။ ဒါဖြင့်ရင် ဒီတော ဒီနယ်တွေမှာ သာသနာ့ အညွန့်အဖူးတွေ ပေါ်လာဖို့ ဝေးစွ၊ ဗုဒ္ဓဘာသာ ဆိုတာကို ပီပီပြင်ပြင် ကြည်ကြည်စင်စင် လမ်းပြပေးနိုင်မယ့် ဆရာစစ် ဆရာကောင်းတောင် ပေါ်မလာ နိုင်တာဟာ တို့ဘာသာ တို့သာသနာ အတွက် ၀မ်းနည်းစရာ မကောင်းပေ ဘူးလား။ ရွာငယ် ဇနပုဒ်တွေက ဂုဏ်ယူစရာ ကောင်းလောက်အောင် ဓမ္မာစရိယ အောင်ပန်းကို ဆင်မြန်းခဲ့တဲ့ တို့ဆရာတော်တွေ မဟာ ဓမ္မာစရိယက စလို့ ဟော အခုဆိုရင် အိန္ဒိယလို ထိုင်းလို သိရိလင်္ကာလို နိုင်ငံတွေ မှာတောင် ဓမ္မနဲ့ ပတ်သက်တဲ့ ပါရဂူဘွဲ့တွေ ဆင်မြန်းနိုင်ဖို့ အားသွန်ခွန်စိုက် နေလိုက်ကြချိန်မှာ အခု တို့နိုင်ငံက အခုပစ္စက္ခ အချိန်မျိုးနဲ့ ယှဉ်ထိုး ကြည့်ရင်တော့ အင်း ၀မ်းသာ ရမှာလား ၀မ်းနည်း ရမှာလားတောင် ပြောမပြတတ် အောင်ပါပဲ။

တို့ကျေးလက် တောနယ်က ဓမ္မစာပေ ပါရဂူကြီးတွေ တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းနေချိန် မှာတော့ ဒီသာသနာ ဒီဆရာတွေကို မွေးထုတ် ပေးလိုက်တဲ့ တို့ကျေးလက် တောနယ်မှာတော့ ဘုရားနဲ့ ဇရပ်ကျောင်းမှာ ဟောင်းလောင်းကြီး ဖြစ်ကုန်ကြပါ ပေါ့လား။ ဆရာမရှိရှာတဲ့ အဲသည့် ကျောင်းကန် ဇရပ်မှာ ဒကာတွေ ဘယ်နှယ့် သာသနာ ပြုကြရပါ့။

ညီမရေ . ..
လွန်ခဲ့တဲ့ ၂၀၀၀-ပြည့်နှစ် တုန်းက မုန်တိုင်း မဆင်သေးတဲ့ ဧရာဝတီ တိုင်းဘက်က ကျေးရွာ တော်တော် များများကို ရောက်ခဲ့ရစဉ် တုန်းက ဒီပြဿနာ ကြီးကို ရိပ်စားမိပေမယ့် ရေရှည်ကို မတွေးခဲ့မိတာ ၀န်ခံရမှာပါ။ ရှားရှားပါးပါး အကြီးတန်း အောင်ပြီးတဲ့ ရဟန်းတော်လေး တစ်ပါးကတော့ သူ့မြေ သူ့ရေမှာ သူ့ဘိုးဘွားက လှူဒါန်းထားတဲ့ ဘုရားကျောင်းကန် အတွက် တက်လမ်း မရှာတော့ဘဲ အခြေချပြီး သာသနာ ပြုနေတယ် ကြားတော့ ၀မ်းသာအားရ ရှိလိုက်တာ။ ဒါမှ သာသနာ့ အာဇာနည်ကွလို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ တိုင်းပြီး ၀မ်းသာပိတီ ဖြစ်ရတယ်။ ရွာက ကလေးငယ်တွေ အတွက် ယဉ်ကျေး လိမ္မာသင်တန်း ပေးလို့ သာမဏေ ငယ်တွေ မွေးထုတ်မယ် ဆိုတော့ ဒီရဟန်းတော် ကလေးအတွက် နှစ်ထောင်းအားရ ရှိလိုက်တာလေ။

ညီမရေ. ..
မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးဟာ သူ့သက်တမ်း တစ်လျှောက်မှာ အဓိကကျတဲ့ လုပ်ငန်း တစ်ခုဟာ သူ့လို တိပိဋကတွေ နိုင်ငံ အနှံအပြားက ပေါ်ထွန်းလာရေး ပဲလို့ သိရပြန်တယ်ကွဲ့။ အဲသလို ကြိုးပန်းခဲ့လို့လည်း တိပိဋက အောင်ပန်းတွေ တစ်ပွင့်ပြီး တစ်ပွင့် မင်းကွန်းမှာ ပွင့်ခဲ့တာ ကမ္ဘာအသိပါ ညီမရယ်။ ရန်ကုန်မြို့ ကမ္ဘာအေး တိပိဋက ဆရာတော် ဥူးသုမင်္ဂလာ လင်္ကာရ ကတော့ သာသနာ့ အညွန့်အဖူးတွေ ပေါ်ဖို့ သာမဏေကျော် စီမံကိန်းကြီး ရေးဆွဲခဲ့တယ် မဟုတ်လား။ ဟော သီတဂူ ဆရာတော် ဘုရားကြီး ကလည်း စစ်ကိုင်း တောင်ရိုးမှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီး တည်ထောင်လို့ သာသနာ့ အာဇာနည်တွေ တစ်ပါးပြီး တစ်ပါး မွေးထုတ်လို့ တာဝန် ကျေခဲ့ကြတယ် မဟုတ်လား။ စောစောက ရေးခဲ့သလို ဥကံ္ကမြို့ ဘုရားကြီးတိုက်ရဲ့ ဓမ္မစက် အောက်မှာရှိတဲ့ ရွာကလေး အကြောင်း ဆက်ကြဦးစို့ရဲ့။ အစ်ကို ရောက်သွားတဲ့ ရွာဟာ ဥက္ကံမြို့ အပိုင်က ဘုရားကြီးတိုက် ဓမ္မစက်ရောက်တဲ့ ပဋ္ဌာန်းကုန်း ဆိုတဲ့ရွာပါ။ တကယ်တော့ အဲဒီရွာဟာ ဥက္ကံမြို့ကနေ လှည်းဆင့်လိုက်ရင် နေ့ဝက်သာသာမို့ ခုလို ဆိုင်ကယ်ခေတ်၊ ထော်လာဂျီ ခေတ်မှာ သုံးနာရီသာသာ ခရီး ရယ်ပါ။ မြို့တော် ရန်ကုန်နဲ့ ဥက္ကံဟာ လေးနာရီသာ ကြာတာမို့ ရန်ကုန်ကနေ အဲဒီရွာကို မနက် ခြောက်နာရီလောက် ထွက်ရင် မွန်းလွဲ တစ်နာရီ မထိုးခင် ရောက်တာမို့ အဲသည်လောက် ခရီးလေးမှာ သာသနာ ကွယ်ရတော့မှာကို တော်တော် စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။

ညီမရေ . . .
ဒီရွာဟာ အစ်ကို စာအစမှာ ရေးပြခဲ့သလို ကျောင်းကြီး ရခိုင်နဲ့ ကိုးတောင်ပြည့် စေတီကြီးနဲ့ပါ။ အခုတော့ ဒီရွာမှာ တို့ဘာသာဝင် အရေအတွက်ဟာ ဆယ်အိမ်တောင် မကျန်တော့ ဘူးတဲ့။ တို့ ဘာသာဝင်တွေ နည်းတာမို့ ရွာဦးကျောင်းက တောထွက် ရဟန်းကြီး ခမျာလည်း ဆွမ်းကွမ်း ခက်ရှာပေမပေါ့။ ရွာကလည်း ဆင်းရဲ၊ ရိုးမက ဆင်အုပ်ကလည်း သတင်းတွေထဲ ပါသလို နေ့နေ့ ညညဆိုတော့ ခမျာများမှာ ဘုရား တရားလည်း ဂရုစိုက်နိုင်ပုံ မရရှာပေဘူး။ ဒါပေသိ ပဌာန်းကုန်းက တောထွက် ရဟန်းကြီး ကတော့ သူ့နည်း သူ့ဟန်နဲ့ တို့ဘာသာ တို့သာသာနာ တော်ကြီးအတွက် နိုင်ရာတာဝန် ထမ်းနေပုံ ကတော့ အားကျစရာပါ။ ဥက္ကံမြို့က တရားခွေတွေ အလှူခံပြီးတော့ နံနက်တိုင်း ရွာဦး ကျောင်းကနေ တရားခွေတွေ ဖွင့်တယ်။ ဆွမ်းမရတဲ့ နေ့တွေ မှာတော့ မြို့က အလှူ ခံလာခဲ့တဲ့ ပေါက်မုန့်ခြောက်နဲ့ နို့ဆီ သုတ်စားပြီး အသက်ဆက် သာသနာ ပြုရ ရှာတယ်ကွယ်။ ၀ါတွင်းဆိုရင် ဆွမ်းကွမ်း လုံးလုံး မရတော့တဲ့ အပြင် ကျောင်းမှာ ဝေယျာဝစ္စ လုပ်မယ့် ဒကာတွေတောင် မရှိလေတော့ ရွာဦး ကျောင်းကြီးကို ပစ်ပြီး ဥက္ကံ ဘုရားကြီး တိုက်မှာ ကျောင်းသား တစ်ယောက်လောက် ၀ါတွင်းမှာ ရဖို့အရေး အတင်းအကြပ် တောင်းရရှာသတဲ့။

ညီမရေ....
တို့ရွာဦးမတော့ ကျောင်းကန်ဇရပ် စေတီနဲ့ တို့ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါး ရှိနေသေးတယ် ဆိုတဲ့ အသိကလေး တို့ ဗုဒ္ဓဘာသာ ၀င်တွေ ရင်ထဲ ရောက်ဖို့ အခြားဘာသာ ၀င်တွေ ရင်ထဲမလဲ ဒီအရပ် ဒီဒေသ မှာတော့ ဗုဒ္ဓဘာသာ အောင်လံကြီး လွှင့်ထူထားပါလား ဆိုတဲ့ အသိလေး ရင်ထဲ ရောက်နိုင်ဖို့ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ သာသနာ့ အောင်လံကြီးကို အနိုင်နိုင် လွှင့်နေရဆဲပါ။

ညီမရေ....
နိုင်ငံတကာမှာ သာသာနာ ပြုနိုင်ဖို့ အတွက် ဗုဒ္ဓစာပေ ပါရဂူတွေ တစ်ပါးပြီး တစ်ပါး တာစူနေ တာဟာ တို့ဘာသာ တို့သာသနာ အတွက်တော့ ၀မ်းမြောက်ပီတိ ဖြစ်ရပေမယ့်၊ ဒီရဟန်းတော် တွေကို မွေးထုတ် ပေးလိုက်တဲ့ ကျေးလက် တောနယ်တွေ မှာတော့ နောက်ထပ် သာသာနာ့ မျိုးဆက်တွေ မပေါ်တော့မယ် အခြေအနေ အတွက် ၀မ်းနည်း နေရဆဲပါ။ ဒီအခြေအနေ မှာတော့ ပုဂံခေတ်က ပုဂံပြည်ကြီးကို ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံ ဧကရာဇ်ဆီ အရောက် သွားခဲ့တဲ့ ရှင်ဒိသာပါမောက် က “ပုဂံပြည်ကြီးကို ရေသွန်းလောင်း ပါဦး” လို့ ဆိုခဲ့သလို “သာသနာ့ ရေသောက်မြစ် တွေကို ရေသွန်းလောင်းကြပါဦး” လို့ သက်ဆိုင်ရာ ရဟန်းရှင်လူ အများကို တောင်းပန် လျှောက်ထားရင်း ဒီစာကို အဆုံးသတ်လိုက်ပါတယ် ညီမရေ…။

အစ်ကို
အောင်စည်ဟိန်း

+++++++++++++++++++++++++++++++++++++

ပေးဆပ်သူ ဘလော့မှ ဖတ်ရှု ကူးယူ မျှဝေအပ်ပါတယ် ခင်ဗျာ။


လေးစားစွာဖြင့်
ဖိုးသား

6/18/2009, THUR:, 12:07:23 PM
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Tuesday, 16 June 2009

*ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ*

အိပ်လို့မ၀သေးတဲ့
ငါ့မနက်ခင်းလေးမှာ
ညတုန်းက
ကင်းစောင့်တဲ့
လမင်းနဲ့ ကြယ်လေးတွေပြန်ပြီ။

နှိုးစက်မလိုဘဲ
စောစီးစွာထတဲ့ ငှက်တွေက
လောကကို လှုပ်နှိုး။

ဖိုးသူရိန်ကြီးကလည်း
အလုပ်ခွင်ဝင်ဖို့ ပြင်နေ။

စမ်းချောင်းလေးကလည်း
မစီးဆင်းသလိုနဲ့ အမြဲစီးဆင်း။

ငါတို့
နေထိုင်ရာ လောကထဲကို
အသစ်လာတဲ့ သူတွေလည်း
လာနေကြ။

ငါ့ရဲ့
ခန္ဓာကိုယ်ဖြစ်စဉ်ကလည်း
ငါ့ကို
တစ်ရက် ကြီးရင့်ခြင်းသို့ ခေါ်ဆောင်။

သံသရာခရီးကို
ကြိုသွားနှင့်သူတွေက
သွားကြပေါ့။

နာရီချက်တိုင်းနဲ့အတူ
ရာသီစက်ဝိုင်းက
ပုံမှန်လည်ပတ်နေခဲ့ပြီ။

ဒီဖြစ်စဉ်တွေဟာ
တစ်နေ့ထဲမဟုတ်ဘဲ
နေ့တိုင်းတွေ့မြဲပေါ့။

သူတို့လည်း
သူ့အလုပ်နဲ့ သူ
ကိုယ်လည်း
ကိုယ့်အလုပ်နဲ့ ကိုယ်
လည်ပတ်နေကြတဲ့
ဘ၀ယန္တရားမှာ
အော်...
ခဏ လမ်းသလားဖို့
အချိန်တောင် မရှိပါလား...။ ။

ဒီနှင်းနေ (TGI)

လေးစားစွာဖြင့်
ဖိုးသား

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Monday, 15 June 2009

*ပေးဆပ်သူတို့ နှလုံးသား*

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသူများ ဖြစ်သည်။ အဖေနှင့်အမေ ကွယ်လွန်သွားချိန်မှစ၍ အစ်ကိုကြီးသည် ကျွန်တော့်အပေါ်တွင် အဖေလိုတစ်မျိုး အမေလိုတစ်သွယ် ပြုစု စောင့်ရှောက်ပေးခဲ့သည်။ အဖေနှင့်အမေ ချန်ထားခဲ့သော စီးပွားရေး လုပ်ငန်းများကို ပို၍တိုးပွားအောင် အစ်ကိုကြီးက ကြိုးစား လုပ်ဆောင်နိုင်ခဲ့ပြီး ကျွန်တော့်အား လူ့လောကတွင် လိုလေးသေးမရှိ မျက်နှာ မငယ်ရအောင် ပြုစု စောင့်ရှောက်ပေးခဲ့သည်။ အစ်ကိုကြီးသည် ပတ်ဝန်းကျင်က ချီးမွမ်း အားကျ ရလောက်အောင် ကျွန်တော့်အပေါ် တာဝန်ကျေခဲ့သည်။ ကျွန်တော်နှင့် အသက် ဆယ်နှစ်ခန့်ကွာသော အစ်ကိုကြီးသည် ကျွန်တော် ကျောင်းပြီးဘွဲ့ရ၍ အိမ်ထောင်ပြုချိန်ထိ လုံးဝအိမ်ထောင်မပြုဘဲ လူပျိုကြီးဘ၀နှင့် ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

ယခုကျွန်တော်၏ မင်္ဂလာပွဲတွင် လက်ဖွဲ့အနေဖြင့် အစ်ကိုကြီးသည် နောက်ဆုံးပေါ် ကားအသစ်စက်စက် တစ်စီးကို လက်ဖွဲ့၍ ဟန်းနီးမွန်းခရီး ထွက်စေခဲ့သည်။ ကျွန်တော်နှင့် ဇနီးသည်လည်း ဟန်းနီးမွန်းခရီး ထွက်လာရင်း ကားပေါ်တွင် ကျွန်တော်၏ ဇနီးသည်က ကျွန်တော့်အား

`မောင်ရဲ့အစ်ကိုကြီးက မောင့်အပေါ်မှာ တကယ်ကောင်းတာပဲနော်´

`အင်း ဟုတ်တယ် အမေနဲ့ အဖေမဆုံးခင်ကတည်းက ပဲခင်ရဲ့´

`ခင်ဖြင့် မောင့်အစ်ကိုကြီးက ဒီလောက်ကောင်းတဲ့ ကားကြီးကို လက်ဖွဲ့လိမ့်မယ်လို့ ယုံတောင်မယုံ နိုင်ဘူး´

`ခုယုံပြီမို့လား´ ဟုပြော၍ချစ်ဇနီး၏ မျက်နှာကို အစ်ကိုကြီးအတွက် ဂုဏ်ယူဝင့်ကြွားစွာ အပြုံးဖြင့် တစ်ချက် ကြည့်လိုက်ပြီး

`ခင် ဗိုက်ဆာနေပြီလား ရှေ့မှာမောင်ဒီဘက်ကို ခရီးထွက်တိုင်း စားနေကျ ဆိုင်ကောင်းကောင်းလေး ရှိတယ်၊ အဲဒီမှာပဲ စားလိုက်တော့မယ်နော်´

`အင်း မောင်ကောင်းသလိုစီစဉ်ပါ´ ဟုဆိုသောကြောင့် ကျွန်တော်တို့ လင်မယားလည်း ထမင်းဆိုင်လေးတွင် ကားရပ်ကာ ၀င်ရောက် စားသောက်ကြ လေသည်။ ထမင်းစားပြီး ဆယ်မိနစ်ခန့် ထမင်းလုံးစီကာ နားပြီးနောက် ဆက်လက် ခရီးထွက်ရန် ကျွန်တော်တို့လင်မယား ဆိုင်အပြင် ကားဆီသို့ လျှောက်လှမ်းလာရာ ကျွန်တော် တို့ကားအနီးတွင် ကလေးငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုကလေးငယ်သည် အနည်းငယ် ဆင်းဆင်းရဲရဲ ပုံစံ ၀တ်ဆင်ထားပြီး ကျွန်တော်တို့ ကားလေးအား တအံတသြ အငမ်းမရ လှည့်ပတ်ငေးမော ကြည့်ရှုနေလေ သည်။ ကျွန်တော်လည်း ကလေးငယ်အား တရင်းတနှီး နှုတ်ဆက် မေးမြန်းလိုက်လေသည်။

`ဟေ့ချာတိတ် မင်းက ဒီကားကိုသဘောကျလို့လားကွ´

`ဟုတ် ဒီကားက အစ်ကို့ကားလားဗျ ကျွန်တော် အရမ်းစီးကြည့်ချင်လိုက်တာဗျာ´ ဟုမျက်နှာငယ်လေးနှင့် ဆိုရှာလေသည်။

`အေးကွ ဒီကားက အစ်ကို့ကို အစ်ကို့ရဲ့ အစ်ကိုကြီးက မင်္ဂလာ လက်ဖွဲ့အနေနဲ့ ၀ယ်ပေးတာကွ´ လို့ဆိုတော့ ကလေးငယ်က အံသြသော အားကျသော မျက်လုံးများနှင့် ကျွန်တော့်အား

`ဒါဆို အစ်ကိုကြီးက ဒီကားကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ရထားတာ ပေါ့နော်၊ အရမ်းအားကျဖို့ ကောင်းတာပဲဗျာ´

`အေးပေါ့ကွ´ ဟု ကျွန်တော်က ဆိုလိုက်လေရာ ကလေးငယ်သည် `အင်း´ ဟုသက်ပြင်းရှည်ကြီးချ၍ ကျွန်တော် မထင်မှတ် ထားသော စကားအား ပြောချလိုက်လေရာ ဒီတစ်ခါ အံသြသွားရသူမှာ ကျွန်တော် ဖြစ်သွား လေသည်။ ကလေးငယ် ပြောလိုက်သောစကားမှာ

`ကျွန်တော်လည်း အဲဒီလို အစ်ကိုကြီးမျိုး ဖြစ်ချင်လိုက်တာဗျာ´ တဲ့။

ကျွန်တော် လည်းကလေးငယ်၏ မျက်နှာကို စေ့စေ့ကြည့်၍ သနားသွားပြီး သူ့အား

`ချာတိတ် မင်းဒီကားကို မြို့တစ်ပတ်လောက်မစီးကြည့်ချင်ဘူးလား´

ကလေးငယ်လည်းဝမ်းသာအား ရဖြင့်

`အစ်ကို တစ်ကယ်ပြောတာလား ဒါဆို ကျွန်တော့်အိမ်ကို အရင်မောင်းပေးပါလား အိမ်ခဏ၀င်ပြီး ညီလေး ကိုလည်း ပေးစီးချင်လို့ပါ´

ဟု ဆိုသောကြောင့် ကျွန်တော်လည်း ကလေးငယ်အား တင်ဆောင်၍ ထိုကလေးငယ်၏ လမ်းပြမှုဖြင့် သူ့အိမ်သို့ အရောက်တွင် ကလေးငယ်သည် ကားပေါ်မှ ဆင်းကာ ညီလေးရေ ညီလေးရေဟု တကြော်ကြော် အော်ခေါ်ကာ အိမ်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားလေသည်။ ထို့နောက် အိမ်ပေါ်မှပြန်ဆင်း အလာတွင် သူသည် ခြေထောက် မသန်စွမ်းသော ကလေးတစ်ဦးအား ချီကာ ကျွန်တော်တို့ ကားဆီသို့လျှောက် လာပြီး သူ၏ညီငယ်အား

`ညီလေးရေ ဒီကားက ဟောဒီ အစ်ကိုရဲ့အစ်ကိုကြီးက ၀ယ်ပေးတာတဲ့ ကိုကြီးလည်း တစ်နေ့ကျရင် ဒီလိုကားမျိုး ညီလေးစီးဖို့ ၀ယ်ပေးမယ်လို့ ကတိပေးတယ်နော် ကိုကြီး ကြိုးစားမယ်သိလား´

ဟု စိတ်အား ထက်သန်စွာပြောဆိုပြီး ကျွန်တော်လည်း သူတို့ ညီအစ်ကိုနှစ်ယောက်နှင့် အတူ မြို့တစ်ပါတ် လျှောက်လည်အပြီး ဟန်းနီးမွန်း ခရီးတစ်လျှောက်လုံးတွင် ကျွန်တော့် အစ်ကိုကြီး၏ ကျေးဇူးမျက်နှာကို မြင်ယောင်ပြီး ရယူခြင်းမှရရှိသော ပီတိထက် ပေးဆပ်ခြင်းမှ ရရှိသော ပိတိသည် ပို၍ချိုမြိန် အရသာ ရှိကြောင်းကို နားလည်ခံစား သိရှိလိုက်ရ ပါတော့သည်။

+++++++++++++++++++++++++++++++++++++

ဒီ အကြောင်းအရာ လေးကိုတော့ ကျွန်တော် ဖတ်ဖူးခဲ့တာ ကြာပါပြီ။ ဆရာဖေမြင့်ရေးတဲ့ စာအုပ် တစ်အုပ်ကပါ။ စာအုပ်နာမည်တော့ မမှတ်မိတော့ ပါဘူး။ “နှလုံးသား အာဟာရ” ပဲထင်ပါတယ်။ နံပါတ်စဉ်လည်း မေ့သွားပါပြီ။ အခု အကြောင်း အရာလေးက ဆရာဖေမြင့်ရေးတဲ့ စာအုပ်နဲ့ အရေးအသား အနည်းငယ် ကွဲပေမယ့် သဘောတရား ကတော့ အတူတူပါပဲ။ မေးကနေ ရလာတဲ့ ဒီအကြောင်းလေးကို ပြန်ဖတ်မိတော့ အစ်ကို အရင်းနဲ့ မခြား ကျွန်တော့်အပေါ် ကောင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုရဲ့ ကျေးဇူးတွေကို ပြန်ပြောင်း သတိရမိသွားတယ်။ အကြိမ်ကြိမ်လည်း ကျေးဇူးတင်လို့ ဦးခိုက်မိပါရဲ့ဗျာ…။

ဓမ္မမောင်နှမတို့ကိုလည်း ပေးဆပ်ခြင်းရဲ့ အရာသာကို ခံစားနိုင်စေခြင်းငှာ ဒီပို့စ်လေးကို မျှဝေလိုက်ပါတယ်။ ဓမ္မမောင်နှမတို့ မိမိတို့ရဲ့ ဆွေမျိုး သားချင်း အတွက်သာမက လောကကြီးအတွက်ပါ ပေးဆပ်တတ်သူများ ဖြစ်နိုင်ကြပါစေ။ ဖြစ်အောင်လည်း အားထုတ်နိုင်ပါစေ။


စာရှုသူ ဓမ္မမိတ်ဆွေတို့ အကျိုးကို အစဉ်မျှော်ကိုးလျက်
လေးစားစွာဖြင့်
ဖိုးသား

6/15/2009, MON:, 1:00:00 AM

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Saturday, 13 June 2009

*Life*

Life


When life is an opportunity, benefit from it.

When life is a beauty, appreciate it.

When life is a dream, realize it.

When life a challenge, meet it.

When life is a duty, perform it.

When life is a journey, complete it.

When life is a mystery, unfold it.

When life is a problem, solve it.

When life is a milestone, keep it in view.

When life is a bliss, taste it.

When life is a game, play it.

When life is a promise, fulfill it.

When life is a sorrow, overcome it.

When life is a song, sing it.

When life is a struggle, accept it.

When life is a tragedy, confront it.

When life is an adventure, dare it.

When life is luck, make it.

When life is life, fight for it.


မေးကနေ ရရှိလာတဲ့ ကဗျာလေးကို ကိုလေလွှင့်သူ ဘလော့မှာ ဖော်ပြထားတဲ့ ကဗျာလေးနဲ့ ပေါင်းစပ်လို့ ထပ်လောင်း မျှဝေအပ်ပါတယ် ခင်ဗျာ…။


လေးစားစွာဖြင့်
ဖိုးသား

6/13/2009, SAT:, 1:32:39 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....
 
Bookmark and Share