ဒီတစ်ခေါက်တော့ အရင်က စကားအဖြစ်နဲ့ ပြောဖြစ်ပေမယ့် အသေအချာ မဆွေးနွေး ဖြစ်သေးတဲ့ အကြောင်းအရာ တစ်ခုကို ပြောဖြစ်လိမ့်မယ် ထင်ပါရဲ့။ မကြာသေးမီက ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့  ကလေး တစ်မြို့ကို ခရီးထွက်ဖြစ် ပါတယ်။ အဲ ဒီမြို့ကလေး ကနေ နေ့ဝက် ခရီးသာသာမှာ ရှိတဲ့ ရွာကလေး တစ်ရွာ ကိုလည်း အရောက် သွားခဲ့ရ ပါတယ်။ ရွာက တော်တော်ကလေး အိမ်ခြေ များပါတယ်။ ရွာဦးမတော့ ကိုးတောင်ပြည့် စေတီကြီးနဲ့ ရေကန်ကြီး တစ်ကန်လည်း မြင်လိုက်ပါရဲ့။ ပြီးတော့ ရွာဦးကျောင်းကြီး ကလည်း ဟည်းလို့ပေါ့။ ရွာကို လေ့လာရေးလာတာ မဟုတ်လေတော့ ကိုယ်ရေးကိုယ်တာ ကိစ္စကိုပဲ ပထမ ဦးတည် လုပ်ရတာပေါ့။ ပြီးလို့ အချိန်နည်းနည်း ရရင်တော့ ရွာဦး စေတီကြီးနဲ့ ဘုန်းကြီး ကျောင်းကြီးကို သွားမယ်လို့ စိတ်ကူးထားလိုက် မိတယ်။ ကိစ္စ စောစောပြီးတာနဲ့ ရွာခံနဲ့ သာရေးနာရေး စကားပြောမိမှပဲ ဒီဇာတ်လမ်းက စဖြစ်တော့တယ်။
ညီမရေ . . .
ဒီရွာမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တာ ဆယ်အိမ်တောင် မပြည့်ရှာတော့ ဘူးတဲ့။ ပြီးတော့ အဲဒီ ဘုရား၊ ကျောင်းကန်ဟာ ဆရာ ဒကာနဲ့ မစည်ကားခဲ့တာ ဆယ်စုနှစ် နှစ်စုလောက်တောင် ရှိပြီ ဆိုပါလား။ ဒီကျောင်းကြီး မှာလည်း ကျောင်းထိုင် ဆရာတော်အဖြစ် တောထွက် ရဟန်းကြီး တစ်ပါးသာ ရှိတော့သတဲ့။ ကိုးတောင်ပြည့် စေတီတော် ကြီးလည်း ထုံးသင်္ကန်း ကပ်သူဝေးလို့ ဆီမီး ရေချမ်းတောင် အပူဇော် မခံရတာ တော်တော့်ကို ကြာခဲ့ပါပြီလို့ ရွာခံ ဗုဒ္ဓဘာသာဝင် တစ်ဦးက ၀မ်းပန်းတနည်း ပြောရှာပါရဲ့။
ညီမရေ . . .
အနားကြည်လို့ အလယ်နောက် တဲ့ ကောသလ္လ အိပ်မက်ကတော့ အဲဒီ နေရာမှာ မှန်လိုက်လေလို့ ပြောရတော့ မှာပဲ။ တို့ ဗုဒ္ဓဘာသာ ၀င်တွေ အင်္ဂလန်တို့ ဘာမင်ဂန်တို့ ပြင်သစ်တို့ အမေရိကန်တို့ မွန်ဘိုင်းတို့မှာ ရှိရှိသမျှ ဓနအင်အားတွေ ပုံအောပြီး သာသနာ အထွတ်တင် လုပ်ငန်းကြီးတွေ လုပ်နေကြ ပေမယ့် တို့မြန်မာနိုင်ငံ ထဲမှာတော့ သာသနာ့ ရေသောက်မြစ်တွေ ခမ်းခြောက်ကုန်ကြ ပါရော့လား။
ညီမရေ . .
ဒီကနေ့ သာသနာတော်မှာ ဆရာအဖြစ် အားထားရမယ့် ဘုရားရှင်ရဲ့ သားရဟန်းတော် တွေကို ဘယ်နေရာ ကများ ပေါ်ထွက် လာကြပါလိမ့်။ ဘယ် နေရာကများ မွေးထုတ် ပေးလိုက်ကြတာ ပါလိမ့်။ ခပ်ရှင်းရှင်း မထောက်မညှာ ပြောရရင် ကျေးလက် တောနယ်တွေကပဲ မဟုတ်လား။ ရန်ကုန်လို မြို့ကြီး ပြကြီးကနေ သာသနာ့ ၀န်ထမ်း ရှင်ရဟန်းတွေ ဘယ်လောက်များ မွေးထုတ်ပေးနိုင် ခဲ့သလဲ စဉ်းတော့ စဉ်းစားစရာပါ ညီမရေ။ ဟုတ်ပါရဲ့… မြို့ကြီးပြကြီးနဲ့ မနီးတဲ့ ကျေးလက် တောနယ်တွေ ကနေ တို့ ဗုဒ္ဓဘာသာ ၀င်တွေအတွက် ဆရာ ဖြစ်လာမယ့် ရဟန်း အလောင်းအလျာ သာသနာ့ အာဇာနည် တွေကို ရွာဦးကျောင်း အသီးသီး ကနေ ဥပဇ္ဈာယ် ဆရာတွေ ကနေ မွေးထုတ် ပေးလိုက်ကြတာ မဟုတ်လား။ အဲဒီကနေ မြို့ကြီးပြကြီးက စာသင်တိုက်တွေ ရောက်လာ။ အလတ်တန်း အကြီးတန်းတွေ အဆင့်ဆင့်အောင်၊ စာချ ဆရာတော်တွေ ဖြစ်လာ။ နောက် ဓမ္မာစရိယ အောင်ပန်းကို လက်လှမ်း နိုင်ခဲ့ကြတယ် ဒီလို မဟုတ်လား။ အခုတော့ သာသနာ့ အညွန့်အဖူးကို မွေးထုတ်မယ့် ကျေးလက်က ကျောင်းကန် ဇရပ်မှာ ကျီးနဲ့ဘုတ် ဖြစ်နေတဲ့ အပြင် သြကာသ ကန်တော့ချိုးကို ဖြောင့်အောင် မရွတ်နိုင်ရှာတဲ့ ဒကာတွေနဲ့ မယားသေ သားကွဲ စီးပွားပျက်လို့ ရဟန်းဘောင် တက်လာတဲ့ တောထွက်ကြီးတွေ ကလည်း ရှစ်ပါး သီလတောင် အနိုင်နိုင် ဆိုတော့ ဒီရွာနဲ့ ဒီသာသနာဟာ ရေရှည်မှာ ရင်လေးစရာပါ ညီမရေ…။
နိုင်ငံတော် သံဃာ့ဝန်ဆောင် ဆရာတော် တစ်ပါးကတော့ မိန့်ဖူးပါရဲ့။ ကျေးလက်ကို အခြေခံထားတဲ့ ဒီသာသနာမှာ သာသနာရဲ့ ရေသောက်မြစ် ဖြစ်တဲ့ ကျေးလက် ဒေသမှာ သာသနာ့ ရေသောက်မြစ်တွေ ခမ်းခြောက် နေတာဟာ အချိန်မီ ကုစားရမယ့် အရေးအကြီးဆုံး အလုပ်လို့ မိန့်ပါတယ်။ ကျေးလက် ဒေသ ကနေ သာမဏေ ဘ၀ကစလို့ ဓမ္မာစရိယ အဖြစ် အဆင့်ဆင့် တက်လှမ်းလာ ခဲ့တဲ့ ဆရာတော်တွေ ထဲက ဘယ်နှစ်ပါးများ ကျေးလက်ဒေသ ကိုယ့်မြေ ကိုယ့်ရေမှာ သာသနာ့ဝန် ထမ်းဖို့ စိတ်ကူးခဲ့ကြ ဖူးပါသလဲ။ ကိုယ့်လို ဓမ္မာစရိယ ဆရာတော်တွေ ကိုယ့်မြေမှာ ထွက်ပေါ်ဖို့ စိတ်များ ကူးမိကြပါ လေစလို့ ဆရာတော်က မေးခွန်း ထုတ်ခဲ့ဖူးပါတယ် ညီမရယ်။
ညီမရေ . . .
အဲသလို ကျေးလက် တောရွာမှာ ရှစ်ပါးသီလ ဖြောင့်အောင် မပေးတတ်တဲ့ တောထွက် ရဟန်းကြီးတွေ ရှိနေသေးတာ ကိုပဲ ကြံဖန် ကျေးဇူး တင်ရမယ်လို့ တက္ကသိုလ်က ကထိက ဆရာ တစ်ယောက်က ပြောခဲ့တယ်ကွဲ့။ ဘုရား ကျောင်းကန်မှာ ရဟန်းတော်တွေ တစ်ပါးမှ မရှိတော့တဲ့ အဖြစ်တွေ ဖြစ်နေကြရလို့ ပါတဲ့။ ရန်ကုန်မြို့နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဥက္ကံမြို့ ဘုရားကြီးတိုက် ဘုရားကြီးဂိုဏ်း ဂိုဏ်းအုပ် ဆရာတော်ကြီး တစ်ပါးကတော့ ဘုရားကြီးဂိုဏ်း ဓမ္မစက်ရောက်တဲ့ ကျေးရွာ သုံးဆယ် ကျော်ကျော်မှာ အနည်းဆုံး ဆယ့်ငါးရွာ လောက်မှာ ကျောင်းထိုင် ဘုန်းကြီး မရှိတဲ့ ပြဿနာကို ကျောင်းထိုင် ဘုန်းကြီး ရှာရတဲ့ဒုက္ခက မသေးဘူးလို့ မိန့်တော်မူ ပြန်တယ်။ ကျောင်းထိုင် ဘုန်းကြီး ရပြန်တော့လည်း စောစောက ရေးပြခဲ့သလို တောထွက် ကြီးတွေ နဲ့ပဲ တ၀ဲဝဲလည်ရ ပြန်တာတဲ့ကွယ်။ ဒါဖြင့်ရင် ဒီတော ဒီနယ်တွေမှာ သာသနာ့ အညွန့်အဖူးတွေ ပေါ်လာဖို့ ဝေးစွ၊ ဗုဒ္ဓဘာသာ ဆိုတာကို ပီပီပြင်ပြင် ကြည်ကြည်စင်စင် လမ်းပြပေးနိုင်မယ့် ဆရာစစ် ဆရာကောင်းတောင် ပေါ်မလာ နိုင်တာဟာ တို့ဘာသာ တို့သာသနာ အတွက် ၀မ်းနည်းစရာ မကောင်းပေ ဘူးလား။ ရွာငယ် ဇနပုဒ်တွေက ဂုဏ်ယူစရာ ကောင်းလောက်အောင် ဓမ္မာစရိယ အောင်ပန်းကို ဆင်မြန်းခဲ့တဲ့ တို့ဆရာတော်တွေ မဟာ ဓမ္မာစရိယက စလို့ ဟော အခုဆိုရင် အိန္ဒိယလို ထိုင်းလို သိရိလင်္ကာလို နိုင်ငံတွေ မှာတောင် ဓမ္မနဲ့ ပတ်သက်တဲ့ ပါရဂူဘွဲ့တွေ ဆင်မြန်းနိုင်ဖို့ အားသွန်ခွန်စိုက် နေလိုက်ကြချိန်မှာ အခု တို့နိုင်ငံက အခုပစ္စက္ခ အချိန်မျိုးနဲ့ ယှဉ်ထိုး ကြည့်ရင်တော့ အင်း ၀မ်းသာ ရမှာလား ၀မ်းနည်း ရမှာလားတောင် ပြောမပြတတ် အောင်ပါပဲ။
တို့ကျေးလက် တောနယ်က ဓမ္မစာပေ ပါရဂူကြီးတွေ တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းနေချိန် မှာတော့ ဒီသာသနာ ဒီဆရာတွေကို မွေးထုတ် ပေးလိုက်တဲ့ တို့ကျေးလက် တောနယ်မှာတော့ ဘုရားနဲ့ ဇရပ်ကျောင်းမှာ ဟောင်းလောင်းကြီး ဖြစ်ကုန်ကြပါ ပေါ့လား။ ဆရာမရှိရှာတဲ့ အဲသည့် ကျောင်းကန် ဇရပ်မှာ ဒကာတွေ ဘယ်နှယ့် သာသနာ ပြုကြရပါ့။
ညီမရေ . ..
လွန်ခဲ့တဲ့ ၂၀၀၀-ပြည့်နှစ် တုန်းက မုန်တိုင်း မဆင်သေးတဲ့ ဧရာဝတီ တိုင်းဘက်က ကျေးရွာ တော်တော် များများကို ရောက်ခဲ့ရစဉ် တုန်းက ဒီပြဿနာ ကြီးကို ရိပ်စားမိပေမယ့် ရေရှည်ကို မတွေးခဲ့မိတာ ၀န်ခံရမှာပါ။ ရှားရှားပါးပါး အကြီးတန်း အောင်ပြီးတဲ့ ရဟန်းတော်လေး တစ်ပါးကတော့ သူ့မြေ သူ့ရေမှာ သူ့ဘိုးဘွားက လှူဒါန်းထားတဲ့ ဘုရားကျောင်းကန် အတွက် တက်လမ်း မရှာတော့ဘဲ အခြေချပြီး သာသနာ ပြုနေတယ် ကြားတော့ ၀မ်းသာအားရ ရှိလိုက်တာ။ ဒါမှ သာသနာ့ အာဇာနည်ကွလို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ တိုင်းပြီး ၀မ်းသာပိတီ ဖြစ်ရတယ်။ ရွာက ကလေးငယ်တွေ အတွက် ယဉ်ကျေး လိမ္မာသင်တန်း ပေးလို့ သာမဏေ ငယ်တွေ မွေးထုတ်မယ် ဆိုတော့ ဒီရဟန်းတော် ကလေးအတွက် နှစ်ထောင်းအားရ ရှိလိုက်တာလေ။
ညီမရေ. ..
မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးဟာ သူ့သက်တမ်း တစ်လျှောက်မှာ အဓိကကျတဲ့ လုပ်ငန်း တစ်ခုဟာ သူ့လို တိပိဋကတွေ နိုင်ငံ အနှံအပြားက ပေါ်ထွန်းလာရေး ပဲလို့ သိရပြန်တယ်ကွဲ့။ အဲသလို ကြိုးပန်းခဲ့လို့လည်း တိပိဋက အောင်ပန်းတွေ တစ်ပွင့်ပြီး တစ်ပွင့် မင်းကွန်းမှာ ပွင့်ခဲ့တာ ကမ္ဘာအသိပါ ညီမရယ်။ ရန်ကုန်မြို့ ကမ္ဘာအေး တိပိဋက ဆရာတော် ဥူးသုမင်္ဂလာ လင်္ကာရ ကတော့ သာသနာ့ အညွန့်အဖူးတွေ ပေါ်ဖို့ သာမဏေကျော် စီမံကိန်းကြီး ရေးဆွဲခဲ့တယ် မဟုတ်လား။ ဟော သီတဂူ ဆရာတော် ဘုရားကြီး ကလည်း စစ်ကိုင်း တောင်ရိုးမှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီး တည်ထောင်လို့ သာသနာ့ အာဇာနည်တွေ တစ်ပါးပြီး တစ်ပါး မွေးထုတ်လို့ တာဝန် ကျေခဲ့ကြတယ် မဟုတ်လား။ စောစောက ရေးခဲ့သလို ဥကံ္ကမြို့ ဘုရားကြီးတိုက်ရဲ့ ဓမ္မစက် အောက်မှာရှိတဲ့ ရွာကလေး အကြောင်း ဆက်ကြဦးစို့ရဲ့။ အစ်ကို ရောက်သွားတဲ့ ရွာဟာ ဥက္ကံမြို့ အပိုင်က ဘုရားကြီးတိုက် ဓမ္မစက်ရောက်တဲ့ ပဋ္ဌာန်းကုန်း ဆိုတဲ့ရွာပါ။ တကယ်တော့ အဲဒီရွာဟာ ဥက္ကံမြို့ကနေ လှည်းဆင့်လိုက်ရင် နေ့ဝက်သာသာမို့ ခုလို ဆိုင်ကယ်ခေတ်၊ ထော်လာဂျီ ခေတ်မှာ သုံးနာရီသာသာ ခရီး ရယ်ပါ။ မြို့တော် ရန်ကုန်နဲ့ ဥက္ကံဟာ လေးနာရီသာ ကြာတာမို့ ရန်ကုန်ကနေ အဲဒီရွာကို မနက် ခြောက်နာရီလောက် ထွက်ရင် မွန်းလွဲ တစ်နာရီ မထိုးခင် ရောက်တာမို့ အဲသည်လောက် ခရီးလေးမှာ သာသနာ ကွယ်ရတော့မှာကို တော်တော် စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။
ညီမရေ . . .
ဒီရွာဟာ အစ်ကို စာအစမှာ ရေးပြခဲ့သလို ကျောင်းကြီး ရခိုင်နဲ့ ကိုးတောင်ပြည့် စေတီကြီးနဲ့ပါ။ အခုတော့ ဒီရွာမှာ တို့ဘာသာဝင် အရေအတွက်ဟာ ဆယ်အိမ်တောင် မကျန်တော့ ဘူးတဲ့။ တို့ ဘာသာဝင်တွေ နည်းတာမို့ ရွာဦးကျောင်းက တောထွက် ရဟန်းကြီး ခမျာလည်း ဆွမ်းကွမ်း ခက်ရှာပေမပေါ့။ ရွာကလည်း ဆင်းရဲ၊ ရိုးမက ဆင်အုပ်ကလည်း သတင်းတွေထဲ ပါသလို နေ့နေ့ ညညဆိုတော့ ခမျာများမှာ ဘုရား တရားလည်း ဂရုစိုက်နိုင်ပုံ မရရှာပေဘူး။ ဒါပေသိ ပဌာန်းကုန်းက တောထွက် ရဟန်းကြီး ကတော့ သူ့နည်း သူ့ဟန်နဲ့ တို့ဘာသာ တို့သာသာနာ တော်ကြီးအတွက် နိုင်ရာတာဝန် ထမ်းနေပုံ ကတော့ အားကျစရာပါ။ ဥက္ကံမြို့က တရားခွေတွေ အလှူခံပြီးတော့ နံနက်တိုင်း ရွာဦး ကျောင်းကနေ တရားခွေတွေ ဖွင့်တယ်။ ဆွမ်းမရတဲ့ နေ့တွေ မှာတော့ မြို့က အလှူ ခံလာခဲ့တဲ့ ပေါက်မုန့်ခြောက်နဲ့ နို့ဆီ သုတ်စားပြီး အသက်ဆက် သာသနာ ပြုရ ရှာတယ်ကွယ်။ ၀ါတွင်းဆိုရင် ဆွမ်းကွမ်း လုံးလုံး မရတော့တဲ့ အပြင် ကျောင်းမှာ ဝေယျာဝစ္စ လုပ်မယ့် ဒကာတွေတောင် မရှိလေတော့ ရွာဦး ကျောင်းကြီးကို ပစ်ပြီး ဥက္ကံ ဘုရားကြီး တိုက်မှာ ကျောင်းသား တစ်ယောက်လောက် ၀ါတွင်းမှာ ရဖို့အရေး အတင်းအကြပ် တောင်းရရှာသတဲ့။
ညီမရေ....
တို့ရွာဦးမတော့ ကျောင်းကန်ဇရပ် စေတီနဲ့ တို့ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါး ရှိနေသေးတယ် ဆိုတဲ့ အသိကလေး တို့ ဗုဒ္ဓဘာသာ ၀င်တွေ ရင်ထဲ ရောက်ဖို့ အခြားဘာသာ ၀င်တွေ ရင်ထဲမလဲ ဒီအရပ် ဒီဒေသ မှာတော့ ဗုဒ္ဓဘာသာ အောင်လံကြီး လွှင့်ထူထားပါလား ဆိုတဲ့ အသိလေး ရင်ထဲ ရောက်နိုင်ဖို့ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ သာသနာ့ အောင်လံကြီးကို အနိုင်နိုင် လွှင့်နေရဆဲပါ။
ညီမရေ....
နိုင်ငံတကာမှာ သာသာနာ ပြုနိုင်ဖို့ အတွက် ဗုဒ္ဓစာပေ ပါရဂူတွေ တစ်ပါးပြီး တစ်ပါး တာစူနေ တာဟာ တို့ဘာသာ တို့သာသနာ အတွက်တော့ ၀မ်းမြောက်ပီတိ ဖြစ်ရပေမယ့်၊ ဒီရဟန်းတော် တွေကို မွေးထုတ် ပေးလိုက်တဲ့ ကျေးလက် တောနယ်တွေ မှာတော့ နောက်ထပ် သာသာနာ့ မျိုးဆက်တွေ မပေါ်တော့မယ် အခြေအနေ အတွက် ၀မ်းနည်း နေရဆဲပါ။ ဒီအခြေအနေ မှာတော့ ပုဂံခေတ်က ပုဂံပြည်ကြီးကို ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံ ဧကရာဇ်ဆီ အရောက် သွားခဲ့တဲ့ ရှင်ဒိသာပါမောက် က “ပုဂံပြည်ကြီးကို ရေသွန်းလောင်း ပါဦး” လို့ ဆိုခဲ့သလို “သာသနာ့ ရေသောက်မြစ် တွေကို ရေသွန်းလောင်းကြပါဦး” လို့ သက်ဆိုင်ရာ ရဟန်းရှင်လူ အများကို တောင်းပန် လျှောက်ထားရင်း ဒီစာကို အဆုံးသတ်လိုက်ပါတယ် ညီမရေ…။
အစ်ကို
အောင်စည်ဟိန်း
+++++++++++++++++++++++++++++++++++++
ပေးဆပ်သူ ဘလော့မှ ဖတ်ရှု ကူးယူ မျှဝေအပ်ပါတယ် ခင်ဗျာ။
လေးစားစွာဖြင့်
ဖိုးသား
6/18/2009, THUR:, 12:07:23 PM
No comments:
Post a Comment
pyaesoneaung2007@gmail.com