သူထိုင်နေသည့် ခုံတန်းပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ ထိုသူ၏ အင်္ကျီမှာ သေသေသပ်သပ် ရှိသော်လည်း အနည်းငယ်ဟောင်းနွမ်း နေသည်။ မကြာမီ ထိုသူသည် သူ့နေရာမှ ထထွက်သွားသည်။ တခဏအတွင်းမှာပင် ထိုသူသည် အမှောင်ရိပ်ထဲ ပျောက်ကွယ်သွားသည်။ ထိုသူ ထွက်သွားပြီးနောက် ထိုသူ့နေရာတွင် မိန်းကလေးတစ်ယောက် လာရောက် ထိုင်လေသည်။ ထိုမိန်းကလေးသည် ၀တ်ကောင်းစားလှ ၀တ်ထားသော်လည်း သူမ၏ မျက်နှာတွင် စိတ်ပျက်သည့်ပုံစံ ပေါက်နေသည်။
“ခင်ဗျားကြည့်ရတာ ရွှင်လန်းပုံမပေါ်ဘူး” ဂေါ့တ်စ်ဘီက ထိုမိန်းကလေးကိုပြောလိုက်သည်။ ထိုမိန်းကလေးသည် သူဘက်လှည့်၍ ပြော လိုက်သည်။
“ရှင်သာ ကျွန်မနေရာမှာဆိုရင် ရွှင်လန်းမှာမဟုတ်ဘူး။ကျွန်မ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံး အလုပ်တစ်ခုလုပ်ခဲ့ပြီ”
“ခင်ဗျားက ဘာလုပ်ခဲ့လို့လဲ”
ဂေါ့တ်စ်ဘီက မေးလိုက်သည်။
“ကျွန်မလန်ဒန်မြို့ပေါ် မနက်ကမှ ရောက်လာတာပါ။ ဘတ်ရှိုင်းယားက ပတ်တက်ဂွန်နီယန် ဟိုတယ်မှာနေဖို့ စိတ်ကူးလိုက်တယ်။ ဒါပေ မယ့် ကျွန်မ ဘတ်ရှိုင်ယားကို ရောက်တော့ ပတ်တက်ဂွန်နီယန် ဟိုတယ်မရှိတော့ဘဲ သူနေရာမှာ ရုပ်ရှင်ရုံကြီးတစ်ခု ဆောက်ထား တယ်။ ဒါနဲ့ဒရိုင်ဘာကလည်း ကျွန်မကို ကျွန်မနေလို့ရမယ့် ဟိုတယ်ကို ပို့ပေးလိုက်တယ်။ ကျွန်မလည်း ကျွန်မသူငယ်ချင်းတွေကို စာတစ်စောင် ရေးပြီး ကျွန်မနေတဲ့ ဟိုတယ်ရဲ့ လိပ်စာကိုပေးလိုက်တယ်။ ပြီးတော့ ကျွန်မလည်း အပြင်ထွက်ပြီးတော့ ဆပ်ပြာသွားဝယ်တယ်။ ကျွန်မက ဟိုတယ်ဆပ်ပြာကို မကြိုက်ဘူးလေ။ ဒါကြောင့် ကျွန်မလည်း ဆိုင်တစ်ဆိုင်ဝင်ပြီး အအေးသောက်တယ်။ ပြီးတော့ ဆပ်ပြာသွားဝယ်တယ်။ ဆပ်ပြာဝယ်ပြီးတော့ ကျွန်မဟိုတယ်ပြန်ဖို့ ခြေဦးလှည့်လိုက်တော့ ကျွန်မဟာ ဟိုတယ်ဘယ်မှာရှိလဲ ဆိုတာကော။ ကျွန်မအခုရောက်နေတဲ့ လမ်းနာမည်ကော မေ့သွားတယ်။ ကျွန်မ သူငယ်ချင်း တွေကဆီက ပိုက်ဆံတောင်းပြီး သူတို့နဲအတူ တူနေလို့ ရပေမယ့် ကျွန်မသူငယ်ချင်းတွေက မနက်ဖြန်မှ ကျွန်မစာရမှာ။ အခုကျွန်မမှာ ကျန်တဲ့ ပိုက်ဆံနှစ်ပြားနဲ့ ဒီညဘယ်လို နေရမလဲ”
“ခင်ဗျားဆီမှာ ဆပ်ပြာရှိသေးလား”
ဂေါ့တ်စ်ဘီက မေးလိုက်သည်။ ထိုမိန်းကလေးသည် သူမ အင်္ကျီထဲလက်နှိုက်၍ရှာကြည့်သည်။ ထိုနောက် သူမသည် ဂေါ့တ်စ်ဘီသို့ စိတ်တိုစွာ ပြောလိုက်သည်။
“အခုကျွန်မရှင့်ကို လိမ်တမ်းစကားတစ်ခု ပြောလိုက်တယ်လို့ထင်သွားလား”
“သိပ်တော့မထူးဆန်းပါဘူး”
ဂေါ့တ်စ်ဘီကပြောလိုက်သည်။
“ကျွန်တော်လည်း ခင်ဗျားလို နိုင်ငံခြားမှာဖြစ်ခဲ့ဖူးတာပဲ။ အဲဒီ တုန်းက ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်းနဲ့ သွားကြတာ။ ဒါပေမယ့် ကံကောင်းလို့ ဟိုတယ်ရဲ့ နေရာမှတ်မိသွားပြီး အဲ့ဒီ မှာရှာတွေ့သွားတယ်”
“နိုင်ငံခြားမှာဆိုရင် လွယ်တာပေါ့။ ကျွန်မ သံအရာရှိကိုရှာပြီး သူဆီကအကူအညီ တောင်း လိုရတာပေါ့။ ဒီမှာသာဆိုရင်တော့ ကျွန်မဟာ ကျွန်မပုံပြင်ကိုယုံပြီး ကျွန်မကို ငွေချေးပေး မယ့်သူဆီက ငွေချးရင်ချေး၊ ဒါမှမဟုတ်ရင် သိမ်းမြစ်ကမ်းဘေးမှာ အချိန်ဖြုန်းရမှာပဲ။” ထို မိန်းကလေးကပြောလိုက်သည်။
“ခင်ဗျားပုံပြင်ရဲ့ အားနည်းချက်က ခင်ဗျားမှာ သက်သေပြစရာ ဆပ်ပြာတုံး မရှိဘူးဖြစ် နေတယ်။ ဟိုတယ်တစ်ခုမှာ တစ်ညစာနေ ထိုင်ဖို့ ပိုက်ဆံနဲ့ ဆပ်ပြာဆုံးရှုံးရတာ ပေါ့ဆမှုတစ်ခုပဲ။” ထိုစကားကိုကြားရသောအခါ ထိုမိန်းကလေးသည် ခေါင်းကိုငုံ့၍ စိတ်ပျက်လက် ပျက် ထွက်သွားလေသည်။
“သနားဖို့ကောင်းတယ်” ဂေါ့တ်စ်ဘီက ပြောလိုက်သည်။ “ငါဆီက ပိုက်ဆံလိမ်ယူဖို့ အစစအရာရာ သေသေချာချာ ပြင်ဆင်ထားပါလျက်နဲ့ သက်သေ ပြစရာ ဆပ်ပြာတုံးမရှိရှာဘူး။ တကယ်လို့ သူသာ ဆပ်ပြာတစ်တုံးလောက် ၀ယ်ထားပြီး သေသေချာချာ လိမ်ညာနိုင်မယ်ဆိုရင် သူဟာဥာဏ်ကြီးရှင်ဖြစ်သွားပြီး”
ဂေါ့တ်စ်ဘီသည် ထိုသို့ပြောပြီး ထထွက်ရန် ပြင်ဆင်လိုက်စဉ် သူအားလိမ်ညာခဲ့သော မိန်းခလေး၏ နေရာအောက်တွင် ဆပ်ပြာတစ်တုံးကို တွေ့လိုက်သည်။ ထိုဆပ်ပြာတုံးသည် ထို မိန်းကလေးထိုင်စဉ်တွင် ကျကျန်ရစ်ခဲ့သော ဆပ်ပြာဖြစ်မည်ဟု ဂေါ့တ်စ်ဘီ တွေးလိုက်သည်။
ထို့ကြောင့် ဂေါ့တ်စ်ဘီသည် ပန်းခြံမှ လျင်မြန်စွာထွက်၍ ထိုမိန်းကလေးကို လိုက်ရှာသည်။ သို့သော် မတွေ့။ ထို့ကြောင့် ထို့မိန်းကလေးကို မရှာတော့ဘဲ အိမ်ပြန်ရန် စိတ်ကူးစဉ် ကားဂိတ်မှာကားကို ရပ်စောင့်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဂေါ့တ်စ်ဘီ သည်ထိုမိန်းကလေးဆီ သွား၍ပြောလိုက်သည်။
“ခင်ဗျား ပုံပြင်ကို အစက ကျွန်တော်မယုံပေမယ့် ခင်ဗျားဆပ်ပြာကို ကျွန်တော်တွေ့မှပဲ ယုံတော့တယ်” ဂေါ့တ်စ်ဘီက ဆပ်ပြာကို ကိုင်မြှောက်ရင်း ဆက်ပြောလိုက်သည်။
“ ဒီဆပ်ပြာဟာ ခင်ဗျားထိုင်လိုက်တုန်းမှာ ခင်ဗျားအင်္ကျီအိတ်ထဲက ထွက်ကျလာတာ ဖြစ်ရမယ်။ ကျွန်တော် ခင်ဗျား ပုံပြင်ကို မယုံမိလိုက်တဲ့အတွက် တောင်းပန်ပါတယ်။ ဒါဟာ ခင်ဗျား ဒီည ဟိုတယ်ခ ငှားဖို့ပိုက်ဆံပါ”
ထို့မိန်းကလေးသည် ဂေါ့တ်စ်ဘီ၏ ပိုက်ဆံကိုယူ၍ အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။ “ဒါ ကျွန်တော် နာမည်နဲ့ အိမ်လိပ်စာပါ။” ဂေါ့တ်စ် ဘီက ဆက်ပြောသည်။ “ခင်ဗျားကြိုက်တဲ့ အချိန်မှာ ကျွန်တော့်ကို ပြန်ပေးလို့ရတယ်။ ပြီးတော့ ဒီမှာ ခင်ဗျားဆပ်ပြာပါ။ ဒါကို မပျောက်ပါစေနဲ့”
“ရှင်ဆပ်ပြာကို ရှာတွေ့တာ အရမ်းကံကောင်းတာပဲ” ထိုမိန်းခလေးက ပြောလိုက်သည်။ “ကျေးဇူးပါပဲ” ထို့နောက် ဂေါ့တ်စ်ဘီသည် သူ့နဂို နေရာသို့ ပြန်လျှောက်လာသည်။ သူနေရာသို့ပြန်ရောက် သောအခါ ထိုမိန်းကလေး မထိုင်ခင် ထိုင်သွားခဲ့သောလူသည် ခုံတန်းအောက်တွင် ပစ္စည်းတစ်ခု ရာနေသည်ကို တွေ့လိုက်ရသည်။
“လူကြီးမင်း ဘာပစ္စည်းရှာနေပါလဲ” ကျွန်တော် ဆပ်ပြာတစ်တုံးကို ရှာနေတာပါ” ထိုသူက ပြန်ပြောလိုက်သည်။
+++++++++++++++++++++++++++++++
ဒီအကြောင်း အရာလေးကနေ တရားနဲ့ယှဉ်တဲ့ အတွေးအမြင်တွေ ရရှိပြီး တရားနဲ့ညီတဲ့ အလုပ်တွေ လုပ်ဆောင် ကျင့်ကြံနိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
5/28/2009, THUR:, 8:05:18 PM
No comments:
Post a Comment
pyaesoneaung2007@gmail.com