*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Wednesday, 29 April 2009

*လာခြင်းဆိုးသော ဧည့်သည်*

အုဝဲ… အုဝဲ… အုဝဲ

အော် စိတ်မချမ်းသာ လိုက်တာ.. ငိုနေလိုက်ပုံများ.. လောက အလယ်ကို ခုမှပဲ စတင်လို့ ရောက်ရှိလာတယ်၊ ရောက်ရှိလာပုံက အငိုလေးနဲ့ စလို့.. မိဘတွေ ခမျာတော့ ပြုံးပျော်ရှာမပေါ့လေ.. မိခင်ဆိုရင်လည်း ကိုယ်နဲ့ လွယ်မွေး ထားရတဲ့ သားသမီးမို့လို့၊ ဖခင်ဆိုရင်လည်း အော်ငါ့သွေး ငါ့သားဆို ပြီးတော့.. ငါစွဲလေးတွေနဲ့ ငါမပိုင်တာကို ငါပိုင်လုပ်ပုံလေးကို ပြောပါတယ်.. နောက်တစ်ခုက လောကအလယ် ခုမှရောက်လာတဲ့ လူမမယ် ကလေးငယ်ရဲ့ အငိုလေးနဲ့စလို့ ရောက်ရှိ လာပုံလေးလေ.. စလာကတည်းက လာခြင်းက မကောင်းတော့ဘူး..

ဘာဖြစ်လို့များ ငါမပိုင်တာပါလိမ့်.. ငါမဆိုင်တာပါလိမ့်.. ငါကမွေးတာ ငါ့သားသမီးမဟုတ်ပါလိမ့်.. ငါယူထားတဲ့ ဇနီး ဘာလို့များ ငါ့ဇနီး မဟုတ်တာပါလိမ့်.. ငါ့ကိုမွေးတဲ့မိဘ ဘာလို့များ ငါ့မိဘ မဟုတ်တာပါလိမ့်..

လောကကြီးမှာက ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမမှ မရှိပဲလေ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားပဲ ရှိနေတာ၊ ရူပက္ခန္ဓာ(ရုပ်တရား)၊ ၀ိညာဏက္ခန္ဓာ(သိမှု - နာမ်တရား)၊ ဝေဒနက္ခန္ဓာ(ခံစားမှု - နာမ်တရား)၊ သညက္ခန္ဓာ (မှတ်သားမှု - နာမ်တရား) နဲ့နောက်ဆုံး သင်္ခါရက္ခန္ဓာ(ပြုပြင်မှု - နာမ်တရား).. ဒီခန္ဓာငါးပါးပဲလေ.. ပြန်ချုပ်လိုက်ရင်တော့ ရုပ်နာမ်နှစ်ပါးပေါ့..

ဒီတော့ကာ ဒီခန္ဓာငါးပါးကို ပိုင်ဆိုင်နေရတဲ့၊ လက်ဝယ်ရရှိနေကြတဲ့ ကျွန်တော်တို့တစ်တွေရဲ့ ဖြစ်စဉ်လေးကို လာခြင်းကောင်းသလား၊ လာခြင်းဆိုးသလား.. တစ်ချက်လောက် ပြောကြည့်လိုက်ရအောင်..

ကျွန်တော်တို့တစ်တွေ နေ့စဉ်နေ့စဉ် ကိုယ်နဲ့သက်ဆိုင်ရာ အလုပ်အမျိုးမျိုးကို ပြုလုပ်နေကြရတယ်နော်၊ တော်တော်များများကတော့ ငါ့သားဖို့ ငါ့မယားဖို့ ငါ့အမေဖို့ ငါ့အဖေဖို့ ငါ့ဖို့ ငါ့ညီဖို့ ငါ့ညီမဖို့… စသဖြင့်ပေါ့လေ ဒီလိုလေးတွေက မများဘူးလား.. များပါတယ်လေ.. ပြောရရင်တော့ လောကကြီးမှာ ငါပိုင်ငါဆိုင် မရှိဘူးဆိုတာကို မသိဘဲ နွားသာသာ ရုန်းနေကြတာပေါ့ဗျာ.. ဇာတ်လမ်းက အဲဒီကစတော့တာပဲခင်ဗျ.. ဘာလို့လဲဆိုတော့ ဒီနေရာမှာ မသိလို့ လုပ်တယ်လို့ ကျွန်တော်ပြောလိုက်တယ်နော်.. အဲဒီမှာ မသိတာက အ၀ိဇ္ဇာ၊ လုပ်တာက သင်္ခါရ.. ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်မယ်ဆိုရင် အဲလိုသဘောဖြစ်ကော.. ဒီသဘောက လာခြင်းကောင်းတဲ့ သဘောမဟုတ်ဘူး.. နောင်တစ်ဖန် ခန္ဓာပြန်ဖြစ်စေမယ့် သဘော.. ပြောရရင် နောင်တစ်ဖန် မသာဖြစ်ဦးမယ်ဆိုတဲ့ သဘော.. ဒါက ကျွန်တော်ပြောတာ မဟုတ်ဘူးနော်.. မိုးကုတ်ဆရာတော် ဘုရားကြီးပြောတာ..

ဟုတ်ပြီ.. ဒီလိုမသိလို့ လုပ်ရင် နောက်ဘာတွေဆက်ဖြစ်ဦးမလဲ.. ဘယ်လို အကျိုးဆက်တွေ ခံစားရမလဲဆိုတော့..

မသိလို့လုပ်ခြင်းသည် ခန္ဓာငါးပါးကို နောင်တစ်ကြိမ် ပြန်ဖြစ်စေမယ့် အကြောင်းတရား၊ သစ္စာနယ်အနေနဲ့ ကြည့်ရင် သမုဒယသစ္စာ.. ဒီသမုဒယ သစ္စာဖြစ်ပြီဆိုရင်တော့ သူ့ရဲ့ အကျိုးဆက် ဒုက္ခသစ္စာ ဖြစ်ပြီသာ အောက်မေ့ပေတော့.. ၀ိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ.. ဆိုတဲ့ ခန္ဓာကြီးဖြစ်ကော.. ပါဠိတွေကို စာရှုသူ သိပ်မသိဘူးဆိုရင် (သိသူများကို မဆိုလိုပါ) အလွယ်ကတော့ ခုလက်ရှိ ကိုယ်ခန္ဓာကြီး ရထားတယ်လို့သာ မှတ်ပါဗျာ..

ဒီခန္ဓာငါးပါးကို လက်ဝယ်ပိုင်ဆိုင်ပြီဆိုကတည်းက ကောင်းသလား၊ ဆိုးသလား စဉ်းစားကြည့်လိုက်ရအောင်.. ဒီခန္ဓာကြီးက မနက်မိုးလင်းတာနဲ့ သူ့ကိုပြုစုဖို့ အချိုသပ်ပြီးခိုင်းတော့တာပဲ.. ငါ့ကိုမျက်နှာသစ်ပေး.. သွားတိုက်ပေး.. ရေချိုးပေး.. မုတ်ဆိတ်ရိတ်ပေး.. ဒါမျိုးတွေ စခိုင်းပြီ.. ပြီးတာနဲ့ ဟိုဟာစားချင်တယ်၊ ဒီဟာစားချင်တယ်.. ဖြစ်ပြန်ရော.. အဲဒါကိုမှ ကိုယ်တိုင်က မစားဘူးဆိုရင် ဗိုက်ထဲကနေ ဝေဒနာပေါင်းစုံက ဆန္ဒပြပါလေရော.. နောက်အလုပ်သွားရင်လည်း ဟိုအင်္ကျီမ၀တ်ချင်ဘူး.. ဒီအရောင်မကြိုက်ဘူး.. ဒီပုဆိုးဝတ်မယ်.. အားပါးပါး.. သူ့အလိုတွေက နည်းမှမနည်းတာ.. နောက် နေ့လယ်စာစားမယ်၊ ညစာစားမယ်၊ အိပ်မယ်.. အကုန်သူ့အလိုတွေပဲ လိုက်ဖြည့်နေရတာလေ.. ဒါက ကျွန်တော်အကြမ်းဖျဉ်းပြောတာနော်.. ချဲ့တွေးရင် ချဲ့တွေးသလောက် ဒုက္ခတွေချည်းပဲ.. ဘာလို့ဒုက္ခတွေလို့ပြောရသလဲ.. ခန္ဓာငါးပါးဆိုကတည်းက ဒုက္ခသစ္စာနယ်ထဲ ရောက်နေလို့လေ..

ဒီလိုဆိုတော့ ကျွန်တော်တို့တစ်တွေ ဒီလောကအလယ်ကို ဝေဒနာပေါင်းစုံနဲ့ ရောက်ရှိလာခြင်းဟာ လာခြင်းကောင်းလား၊ လာခြင်းဆိုးလား.. လာခြင်းဆိုးပေါ့ဗျာ.. ဒီလာခြင်းဆိုးကိုမှ နေခြင်းဆိုးနဲ့ နေကြရင်တော့ သေခြင်းဆိုးရုံမှတစ်ပါး အခြားမရှိတော့ပါဘူး.. ဘာကြောင့်သေခြင်းဆိုးလို့ ပြောရသလဲဆိုတော့ အပယ်သွားမယ့်သေခြင်းမို့လို့ပါပဲ..

ဒီလိုကျွန်တော်က ပြောတော့ အပယ်မသွားအောင် ဘာလုပ်ဖို့လိုလာပြီလဲ၊ ဘယ်လိုလုပ်ရမလဲလို့ မေးဖို့လိုမလာဘူးလား.. လိုတာပေါ့ဗျာ။ ဒီနေရာလေးမှာ ကျွန်တော်သိထားတာလေးကို တတ်သလောက်လေး ဆွေးနွေးပါ့မယ်.. မှားနေရင် ကျွန်တော့ကို ပြုပြင်လို့ သွန်သင် ပေးစေလိုပါတယ်ခင်ဗျာ။

ကျွန်တော်ဘယ်လို သိထားသလဲဆိုတော့ အပယ်မကျရောက်အောင် အရင်ဆုံး ဒိဋ္ဌိအရင်ဖြုတ်ရပါလိမ့်မယ်။ အဲလို ဒိဋ္ဌိကွာစေဖို့ အတွက် ဒိဋ္ဌိကွာကြောင်း တရားတွေ၊ သစ္စာတရားတွေကို ဟောပြောညွှန်ပြတတ်တဲ့ ကလျာဏမိတ္တ၊ မိတ်ကောင်း ဆွေကောင်း၊ ဆရာကောင်း သမားကောင်းကို ရှာရပါမယ်။ နောက်ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ရပါမယ်။ ဒီလိုနားလည်နိုင်ဖို့ သစ္စာတရားကိုဟောပြော လမ်းညွှန်နိုင်တဲ့၊ လမ်းညွှန်တတ်တဲ့ ဆရာသမားဆီက သစ္စာတရားတွေကို နာကြားရပါမယ်။ ဒီလို ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီဆိုမှ တရားကို စတင်အားထုတ်သင့်ပါတယ်။ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီးမှ တရားအားထုတ်သင့်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။ ဘာလို့လဲလို့ အမေးရှိလာရင်.. ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲ တရားအားထုတ်ရင် တရားမရနိုင်လို့ပါပဲ။ ဘုရားလက်ထက်က ရှင်ဆန္ဒ (မြင်းမြီးဆွဲ မောင်ဆန်) ကို သာဓက ယူပေါ့ဗျာ။

နည်းနည်း ဆက်လိုက်ရအောင်။ လောကကြီးမှာ အကြောင်းနဲ့ အကျိုးသားလျှင်ရှိပါတယ်၊ ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ မရှိပါဘူး၊ ဒီသဘောလေးကို ဉာဏ်နဲ့ ထိုးသွင်းသိ၊ ပိုင်းခြားသိရင် သက္ကာယ ဒိဋ္ဌိစင်ပါတယ်။ ဒီပုဂ္ဂိုလ် သတ္တ၀ါမရှိကြောင်းကို ဘုရားလက်ထက်က ဥပမာလေးနဲ့ ယှဉ်ထိုးလို့ ကြည့်လိုက်ရအောင်။

ဘုရားလက်ထက်က တိတ္ထိတွေက အနုရုဒ္ဓါ လို့ဘွဲ့အမည်ရတဲ့ ရဟန်းတစ်ပါးကို မေးတယ်တဲ့။ ဘာတွေမေးတာလဲဆိုတော့…

၁။ သတ္တ၀ါသေရင် ဖြစ်သေးသလား။
၂။ သတ္တ၀ါသေရင် မဖြစ်တော့ဘူးလား။
၃။ သတ္တ၀ါသေရင် ဖြစ်သည်တစ်လှည့် မဖြစ်သည်တစ်လှည့်လား။
၎။ သတ္တ၀ါသေရင် မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သယောင်ယောင်လား။

ဒီမေးခွန်းလေးတွေ မေးတယ်တဲ့။ အဲဒီတော့ အမေးခံရတဲ့ ရှင်အနုရုဒ္ဓါကလည်း ကိုယ်တိုင်က ဒိဋ္ဌိမကွာသေး၊ အကြောင်းအကျိုးကိုလည်း နားလည်သဘောပေါက်မှု မရှိသေးတော့ *ဘုရားရှင်ကတော့ ဒီလိုမဟောဘူးကွာ* ဆိုတဲ့ အဖြေတစ်ခုပဲ ဖြေနိုင်တယ်တဲ့။ ဒီတော့ တိတ္ထိတွေက ဒီမထေရ်လေးကို ဒါလေးတောင် မသိဘူးလားဆိုတဲ့သဘောနဲ့ အပြစ်တင်ပြီး ပြန်သွားကြတာပေါ့။

အရှင်အနုရုဒ္ဓါလည်း မဖြစ်သေးပါဘူး.. နောက်ထပ် ဒီ့ထက်ခက်တဲ့ မေးခွန်းတွေ မေးလာရင် ငါဖြေနိုင်မှာ မဟုတ်ဘူး၊ ဘုရားရှင်ကို သွားလျှောက်မှ တော်ကာကျမယ် ဆိုပြီး ခုနအမေးလေးခုကို သွားလျှောက်သတဲ့၊ ဒီတော့ ဘုရားရှင်က လောကမှာ ပုဂ္ဂိုလ်သတ္တ၀ါရယ်လို့ မရှိ၊ အကြောင်းနဲ့ အကျိုးသာ ရှိကြောင်း.. စတဲ့ ဒိဋ္ဌိကွာစေကြောင်း တရားတွေနဲ့ သံသရာပြတ်ကြောင်းတရားတွေ ဒီမထေရ်လေး သဘောပေါက်အောင် ဟောကြားတော် မူလိုက်တယ်တဲ့။ ဒီလောက်ဆို ပုဂ္ဂိုလ် သတ္တ၀ါ မရှိဘူးဆိုတာ ရှင်းလောက်မယ်လို့ ထင်ပါတယ်။

နောက် လောကမှာ အကြောင်းနဲ့ အကျိုးသည် တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ အကြောင်းချည်းပဲ ဖြစ်တာလည်းမရှိ၊ အကျိုးချည်းပဲ ဖြစ်တာလည်းမရှိ၊ ဒီလို ဆက်စပ်နေတာကိုသိရင် သေရင်ပြတ်တယ်လို့ ယူဆထားတဲ့ ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။ နောက်တစ်ချက်.. အကြောင်းနဲ့ အကျိုးမှာ အကြောင်းချုပ်ပြီးမှ အကျိုးဆိုတာ ဖြစ်ပါတယ်။ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ပါတယ်။ ဒီသဘောလေးကို နားလည်ရင်လည်း ခိုင်တယ်၊ မြဲတယ်၊ ပျက်ဆီးခြင်းမရှိဘူးလို့ ယူဆထားတဲ့ သဿတဒိဋ္ဌိ စင်ပါတယ်။ အသေးစိတ် ထပ်သိချင်ရင်တော့ ကျွန်တော်ရေးခဲ့ပြီးဖြစ်တဲ့ လောကတွင် အသိသင့်ဆုံးသောအရာ မှာ ဖတ်ရှု နိုင်ပါတယ်။ ကြော်ငြာဝင်ခြင်းမဟုတ်ပါ။ သိစေချင်တဲ့၊ သိစေလိုတဲ့ စေတနာသက်သက်နဲ့ပါဗျာ။

ဒီလောက်ဆို ဒိဋ္ဌိမစင်သေးတဲ့ မိတ်ဆွေတို့လည်း ဒိဋ္ဌိအကြောင်းလေး သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။ ဒီလိုလေးတွေ တဖြည်းဖြည်း သိလာပါများရင်တော့ လာခြင်းဆိုးတဲ့ ဧည့်သည်ဖြစ်ခဲ့ပေမယ့် ပြန်ခြင်းတော့ ကောင်းနိုင်ကောင်းပါရဲ့။ ဒီလိုသိလာအောင်လည်း သိချင်တဲ့ စိတ်ဆန္ဒ ပြင်းပြဖို့ကလည်း လိုပါသေးတယ်။ သိလိုစိတ်ပေါ့လေ။ ဒီလိုမှမဟုတ်ဘဲ ကြွေးယူလိုက် ကြွေးဆပ်လိုက်နဲ့ ဒီလိုဘ၀ထဲမှာ ပျော်မွေ့နေရင်တော့ နောက်ထပ်လာခြင်းဆိုးတွေပဲ အတိုးပေါ် အတိုးဆင့်လို့ ထပ်ဖြစ်ပါလိမ့်မယ်။ ဇာတိတွေ ထပ်ကာထပ်ကာ ဖြစ်ပေါ်ပါလိမ့်မယ်။ ဇာတိထပ်ဖြစ်ပြီဆိုကတည်းက လာခြင်းဆိုးသွားပြန်ပါပြီ။ ဇရာတွေဖြစ်၊ ဗျာဓိ မရဏ ဒီဒုက္ခတွေပဲ ထပ်တလဲလဲ ဖြစ်နေတော့မှာလေ။

အော် ဇာတိ ဆိုလို့ ပြောလိုက်ဦးမယ်။ တရားအားထုတ်ရာမှာလည်း ဇရာနဲ့ ဗျာဓိကြားမှာ အားထုတ်ပါတဲ့၊ ဗျာဓိနဲ့ မရဏကြားရောက်မှ တရားအားထုတ်လို့ကတော့ သေခါနှီးမှ လမ်းလျှောက်သင်ချင်သလို ဖြစ်နေပါလိမ့်မယ်။ ဝေဒနာတွေ နှိပ်စက်နေပြီဆိုကတည်းက ဘယ်နည်းနဲ့မှ တရားအားထုတ်လို့ မရနိုင်ပါဘူး။ ပြောရရင်တော့ အိုမှုနဲ့ နာမှုကြားမှာ တရားအားထုတ်စေလိုတာပါပဲ။ နာမှုနဲ့ သေမှုကြားမှာတော့ အားထုတ်လို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါလေးကလည်း မိုးကုတ်ဆရာတော် ဘုရားကြီး မိန့်ကြားသွားတဲ့ အလေးဂရုပြု မှတ်သားဖွယ် အချက်လေးပါပဲ။

*ပန်းကြွေတဲ့ လမ်း*

လေညင်းလေးရဲ့ အနမ်း
မခံနိုင်တဲ့ ပန်း
ကြွေစမ်းပါစေ
လောကဓံ လေညင်း
ဒေါသမာန် ထန်ပြင်းရင်တော့
ပိုခက်ပြီပေါ့...ပန်း။

သေခြင်းဝေးတဲ့ နန်း
စံနိုင်တဲ့ လမ်း
ရှည်စမ်းပါစေ
လောက အမှန် သေခြင်း
သဘောမကျ အမှန် ခံငြင်းချင်တော့
ကိုယ်ဆက်ပြီပေါ့ ...လမ်း။ ။

နောက်ဆုံး မှာချင်တာကတော့ဗျာ.. ဒီကဗျာထဲကလိုတော့ ပန်းကြွေတဲ့လမ်း ကိုတော့ ဆက်ပြီးမလျှောက်ကြပါနဲ့လား။ ကျွန်တော်တို့ တစ်တွေ မွေးကတည်းက ငိုခြင်းကို အဖော်ပြု၊ ခန္ဓာငါးပါးကို ရင်ဝယ်ပိုက်လို့ လာခြင်းမကောင်းခဲ့ပါဘူး။ လာခြင်းဆိုးတဲ့ ဧည့်သည်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလာခြင်းဆိုးတာလေးကို ပြန်ခြင်းကောင်းအောင်တော့ မနာခင် မသေခင် အချိန်လေးမှာ ကြိုးစားသင့်လှပါတယ်။ ငိုခြင်းနဲ့ ဘ၀စခဲ့တာကို ငိုခြင်းနဲ့ပဲ နိဂုံးမချုပ်စေချင်ပါဘူး။ ဆင်းရဲကြောင်း သမုဒယသစ္စာနဲ့ ဆင်းရဲကျိုး ဒုက္ခသစ္စာကို ၀ိပဿနာ အလုပ်နဲ့ ပယ်သတ်ပြီး၊ ချမ်းသားကြောင်း မဂ္ဂသစ္စာနဲ့ ချမ်းသာကျိုး နိရောဓ သစ္စာကို ရှာစေချင်ပါတယ်။ မြင်ရာ၊ ကြားရာ၊ စားရာ၊ သွားရာ၊ ထိရာ၊ တွေ့ရာ၊ နံရာ တို့မှာလည်း သတိလေးနဲ့ နေစေချင်ပါတယ်။ ဒါဆိုရင်တော့ ဘုရားရှင် နောက်ဆုံးမှာကြားခဲ့တဲ့ *အပ္ပမာဒေန သမ္ပာဒေထ* တရားကို လိုက်နာရာရောက်သလို လာခြင်းဆိုးခဲ့ပေမယ့် ပြန်ခြင်းတွေကတော့ ကောင်းပါလိမ့်မယ်လို့……။


လေးစားစွာဖြင့်
ဖိုးသား

05.01.2009, MON:, 07:02:25 AM
!--READ-MORE-STARTS-->

No comments:

Post a Comment

pyaesoneaung2007@gmail.com

 
Bookmark and Share